LOTTE ထံအကျိုးအမြတ်ပေးနေခြင်းကို ချက်ချင်းအဆုံးသတ်ရန် JFM တောင်းဆို
မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံသံရုံးသည် တရားမဝင်စစ်အာဏာသိမ်းမှုအပြီး စစ်တပ်နှင့်ဆက်နွယ်သော LOTTE ဟိုတယ်၌ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ခန့် သုံးစွဲထားကြောင်း နော် ဝေသတင်းစာ Aftenposten က ထုတ်ပြန်သည်။
LOTTE သည် မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီနေပြီး နော်ဝေ နိုင် ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ သံရုံးက ယင်းဟိုတယ်၌ တစ်လလျှင် ဒေါ်လာ ၄,၀၀၀ မှ ၆,၃၀၀ စျေးနှုန်းရှိသည့်အခန်းများအတွက် အများဆုံးအသုံးပြုခဲ့ကြောင်း Justice For Myanmar က ထုတ်ပြန်သည်။
“အဲ့ဒီဟိုတယ်ကို နော်ဝေနိုင်ငံက အသုံးပြုတာကိုခွင့်လွှတ်နိုင်ဖွယ်ရာ ကိစ္စမဟုတ်ပါဘူး။ ဒီမတိုင်မီကလည်း နော်ဝေနိုင်ငံပိုင် တယ်လီနော်ကုမ္ပဏီက ထိခိုက်နိုင်ဖွယ်ရှိတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို လူသတ်စစ်ကောင်စီဆီကို လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ နော်ဝေအစိုးရက ဒီကိစ္စကို တာဝန်ယူတာ မရှိခဲ့ပါဘူး” ဟု JFM က ဆိုသည်။
အဆိုပါ LOTTE ဟိုတယ်တွင် ဩစတြေးလျအစိုးရကလည်း စစ်တပ်၏အာဏာသိမ်းမှုအပြီး ဒေါ်လာ ၅၂၅,၀၀၀ သုံးစွဲခဲ့သည်။
ထို့ကြောင့် နော်ဝေနှင့် ဩစတြေးလျတို့အနေဖြင့် အကြမ်းဖက်စစ်တပ်နှင့်စီးပွားရေး ဆက်နွယ်မှုရှိသည့် LOTTE ထံအကျိုးအမြတ်ပေးနေခြင်းကို ချက်ချင်းအဆုံးသတ်ရန်၊ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုရန်နှင့် ပံ့ပိုးကူညီရန် JFM က တောင်းဆိုသည်။
LOTTE ဟိုတယ်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ စစ်ထောက်ချုပ်ရုံးထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး စစ်ထောက်ချုပ်ရုံးသည် မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်လက်နက်များကို ဝယ်ယူပေးနေသော ဌာနဖြစ် သည်။
အဆိုပါ စစ်ထောက်ချုပ်ရုံးကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများပြုလုပ်ထားသည်။
