မြန်မာနှင့်စင်ကာပူကုမ္ပဏီ ၁၁၆ ခုသည် မြန်မာစစ်တပ်ကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိသည့်စစ်လက်နက်များကို တင်သွင်းရောင်းချပေးနေကြောင်း Justice For Myanmar က စုံစမ်းဖော်ထုတ်လိုက်သည်။
အဆိုပါစစ်လက်နက်ပစ္စည်းများကို တရားမဝင်အာဏာသိမ်းမှုအပြီးနှင့် မတိုင်မီတွင် တင်သွင်းရောင်းချခဲ့ခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သောကုမ္ပဏီ ၁၁၆ ခုနှင့် ဒါရိုက်တာ၊ ရှယ်ယာရှင် ၂၆၂ ဦးကို ဒဏ်ခတ်ပိတ်ဆို့ရန် နိုင်ငံတကာကို JFM က တောင်းဆိုသည်။
“အနည်းငယ်သောနိုင်ငံတွေကသာ အရေးယူပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီက မြန်မာပြည်သူတွေကို အကြမ်းဖက်ဖို့ စစ်လက်နက်ပစ္စည်းတွေ၊ ငွေကြေးတွေကိုရရှိနေသေးတာဖြစ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း အမည်သိ လက်နက်ပွဲစား ဒါရိုက်တာ၊ ရှယ်ယာရှင် ၇၇ ဦးနှင့်အတူ ကုမ္ပဏီ ၃၁ သည် အကြမ်းဖက်စစ်တပ်ကို လက်နက်များရောင်းချခဲ့ပြီး ယင်းကုမ္ပဏီများသည် အရေးယူပိတ်ဆို့ခြင်းမခံရဘဲ ဆက်လက်စီးပွားရေးလုပ်ကိုင်ခွင့်ရရှိနေသည်။
ထို့အပြင် JFM သည် ၂၀၁၇ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနောက်ပိုင်း ကုမ္ပဏီ ၂၇ ခုနှင့် ဒါရိုက်တာ ၅၁ ဦးသည် အကြမ်းဖက်စစ်တပ်ကို လက်နက်များတင်သွင်းရောင်းချခဲ့သည်။ ယင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို အရေးယူပိတ်ဆို့ရန် JFM က တောင်းဆိုထားပြီးဖြစ်သည်။
အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်ထောက်ပံ့နေသော မြန်မာအခြေစိုက် ကုမ္ပဏီ ၇၈ ခုသည် စင်ကာပူ၌ အနည်းဆုံးကုမ္ပဏီခွဲ သို့မဟုတ် ဆက်စပ်ကုမ္ပဏီ ၃၈ ခုဖွင့်လှစ်ထားသည်။
စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှုများကျူးလွန်နေသော စစ်တပ်ကို စစ်လက်နက်ပစ္စည်းများထောက်ပံ့နေသည့် အဆိုပါပွဲစားများကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့ရမည်ဖြစ်ကြောင်း JFM က တိုက်တွန်းသည်။
