အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသည့်ဝန်ထမ်းများ အနေဖြင့်မီးဖွားစရိတ်၊ဆေးကုသစရိတ်နှင့် အခြားစရိတ်များ လျှောက်ထားနိုင်ကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဝန်ထမ်းရေးရာဌာန ယနေ့ ထုတ်ပြန်လိုက်သည်။
ဝန်ထမ်းရေးရာ ဌာအနေဖြင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများအား ၂၀၂၂ အတွင်း တစ်မြို့နယ်လုံးဆိုင်ရာ CDM Support ပေးနိုင်ရေး ကြိုးပမ်းလျက်ရှိရာ ထိုသို့ မပေးနိုင်မီ ကြားကာလအတွင်းခက်ခဲ၍ ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့် CDMဝန်ထမ်းများအတွက် အရေးပေါ်အကူအညီအဖြစ် သက်ဆိုင်ရာဌာနတာဝန်ခံများမှစိစစ်တင်ပြ လာသည့်အပေါ် အရေးပေါ်ဆေးကုသစရိတ်ထုတ်ပေးခြင်း၊ နာရေးကူငွေပံ့ပိုးခြင်း၊ အရေးပေါ် ရွှေ့ပြောင်းခအတွက် ထုတ်ပေးခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် CDM ဝန်ထမ်းများ၏ အရေးပေါ် အခက်အခဲများကို စိစစ်အတည်ပြု၍ ပံ့ပိုးကူညီမှုများကို တိုးချဲ့၍ ပြုလုပ်လိုပါ၍ သတ်မှတ်ချက်များဖြင့် ကိုက်ညီသည့် CDM ဝန်ထမ်းများ အနေဖြင့် ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ရေးအဖွဲ့ Page တွင် အမည်စာရင်းပေးပို့၍ လျှောက်ထားနိုင်သည်ဟု အသိပေးထားသည်။
၂၀၂၁ ဇွန်လ ၁ရက် အစောပိုင်းတွင် CDM ပြုလုပ်ထားသူများ၊ ခင်ပွန်းသည် CDM (သို့) မိခင်လောင်းကိုယ်တိုင် CDM ဝန်ထမ်းဖြစ်သူများ၊လက်ရှိတွင် မည်သည့်အဖွဲ့အစည်းထံမှ မီးဖွားစရိတ် မရရှိဖူးသူများ အနေဖြင့် မီးဖွားစရီတ်လျှောက်ထားနိုင်ပြီး လျှောက်ထားစဉ်ပါရှိရမည့်အချက်များမှာ CDM ပြုလုပ်ခဲ့သည့် နေ့ရက်၊ အမည်၊ ရာထူး၊ ဌာန၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်/ လိပ်စာ နှင့် ငွေလက်ခံမည့် Kpay No/ Account Name or Wave Pay Number တို့ ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဆေးကုသစရိတ် လျှောက်ထားနိုင်သူများမှာ ၂၀၂၁ ဇွန်လ ၁ရက် အစောပိုင်းတွင် CDM ပြုလုပ်ထားသူများ ၊ မကျန်းမာသည့်ဝန်ထမ်းကိုယ်တိုင် CDM ဝန်ထမ်းဖြစ်သူများ၊ လက်ရှိတွင် မည်သည့်အဖွဲ့အစည်းထံမှ ဆေးကုသစရိတ် မရရှိဖူးသူများ ဖြစ်ပြီး လျှောက်ထားစဉ်ပါရှိရမည့် အချက်များမှာ CDM ပြုလုပ်ခဲ့သည့် နေ့ရက်၊ အမည်၊ ရာထူး၊ ဌာန၊ရောဂါအမည်နှင့် ဖြစ်စဉ်အကျဉ်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်/ လိပ်စာ နှင့် ငွေလက်ခံမည့် Kpay No/ Account Name or Wave Pay Number တို့ ဖြစ်ကြောင်း ဖော်ပြသည်။
အခြားစရိတ်လျှောက်ထားနိုင်သူများ မှာ ၂၀၂၁ ဇွန်လ ၁ရက် အစောပိုင်းတွင် CDM ပြုလုပ်ထားသူများ၊ ကိုယ်တိုင် CDM ဝန်ထမ်းဖြစ်သူများ၊ လက်ရှိတွင် မည်သည့်အဖွဲ့အစည်းထံမှ အရေးပေါ် ပံ့ပိုးငွေ မရရှိဖူးသူများဖြစ်ပြီး လျှောက်ထားစဉ် CDM ပြုလုပ်ခဲ့သည့် နေ့ရက်၊ အမည်၊ ရာထူး၊ ဌာန၊ အကြောင်းရင်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်/ လိပ်စာနှင့် ငွေလက်ခံမည့် Kpay No/ Account Name or Wave Pay Number စသည့် အချက်များ ပါရမည်ဟု ဆိုသည်။
ကန်ပက်လက်မြို့နယ် CDM ဆိုင်ရာမူဝါဒအရ ၂၀၂၁ ဇွန်လ ၁ရက်နောက်ပိုင်းမှ CDM ဝင်လာသည့် ဝန်ထမ်းများအား လက်ရှိအခြေအနေတွင် ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်မည်မဟုတ်ကြောင်းနှင့် လျှောက်ထားလာသည့် ဝန်ထမ်းများ၏ အချက်အလက်များအ ပေါ် မြေပြင်တာဝန်ခံများဖြင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ပြီး အကြောင်းရင်းတူပါက CDM ဝင်သည့် နေ့ရက်အပေါ် မူတည်၍ ဦးစားပေး စဉ်းစားသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
