ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ကင်းပုန်းတစ်ခုကို လက်နက်ကြီးများဖြင့် ၁နာရီကျော်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။
သထုံမြို့နယ်၊ကမာစိုင်ကွက်သစ်ရှိစစ်ကောင်စီ၏ ကင်းပုန်းအား မေလ၁၁ရက်နံနက် ၁၁နာရီမှစ၍ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ သထုံ PDF၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ ၁နာရီကျော်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်မှ အထိခိုက်ကျဆုံးရှိနိုင်ပြီး အတိကျမသိရသေးပါဟုလည်း သထုံ PDFက ထုတ်ပြန်သည်။
KNU/PDF ပူးပေါင်းတပ်ဖွဲ့များသည် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီကင်းပုံးနေရာများ၊ စစ်ယာဉ်တန်းများကို မကြာ ခဏ တိုက်ခိုက်လျက်ရှိသည်။
