မြောင်မြို့နယ်အတွင်း ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပဒေသာမိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကြောင်း MSDPFအဖွဲ့က သတင်းထုတ်ပြန်သည်။
မေလ ၇ရက်က မြောင်မြို့နယ်အတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြောင်မြို့နယ် ကျေးရွာတစ်ရွာမှ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူပိုင်ပစ္စည်းများကို အကြမ်းဖက်လုယက်ဖျက်ဆီးခဲ့သည်။

ထိုကျေးရွာမှထွက်ခွာလာချိန် ကျေးရွာနှစ်ရွာကြား အရောက်တွင် မဟာမိတ်ညီနောင် (၄)ဖွဲ့က ပဒေသာမိုင်းနှစ် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှစ် ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ MSPDF က ပြောသည်။
“ဖြစ်တဲ့ နေရာကတော့ ရွာတွေလုံခြုံရေးအရ မပြောပြတော့ဘူးဗျ။ နေ့ခင်း၂နာရီကျော်လောက်က ဖြစ်တာပါ။”ဟု MSPDF တာဝန်ရှိသူက ပြောသည်။
အထက်ပါဖြစ်စဥ်အား စစ်ကိုင်းခရိုင်တပ်ရင်း(၄) MSPDF၊ Natogyi Regional Defence Force၊ Burmese Guerilla Force-BGF၊ Chaung U Defence Force-CHU PDF တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေလ ၇ရက် နံနက်၉နာရီခန့်ကလည်း ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောတစ်စင်းအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားသုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းအဖွဲ့များအပြင် မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပါ လာရောက်ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေကြသည်။
