●အာဏာသိမ်းခေါင်းဆောင်ပြောခဲ့သော “ဆိတ်ခေါင်းချိတ်ပြီးခွေးသားမရောင်းပါနဲ့” စကားကိုပြန်လည်တုံ့ပြန်
စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးဆိုသည့် စကားရပ်ကို သုံးနှုန်းပြောဆိုနေသော်လည်း လက်တွေ့မြေပြင်၌ ထိုးစစ်ဆင်မှုများ နေရာအနှံ့ပြုလုပ်နေကြောင်းကို ကရင်အမျိုးသားစည်းအရုံး(KNU)နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ခေါင်းဆောင်တို့က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသည့် စကားပုံနှင့် ကာတွန်းပုံတို့ကို ဥပမာပြ၍ ထောက်ပြခဲ့သည်။
စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို ဖိတ်ခေါ်သော်လည်း စစ်ရေးလှုပ်ရှားမှုများ ထိုးစစ်များရှိနေကြောင်း KNUနှင့် KIAတို့က ဆိုသည်။

“အပစ်အခတ်ရပ်စဲရေးခေါ်တယ် ငြိမ်းချမ်းရေး စကားက ပါးစပ်ကထွက်နေတယ်။ သို့သော်ငြားလည်းပဲ တကယ်တန်းကျတော့ အဲဒီ စစ်တပ်တွေက အဲဒီမှာပဲ တဝဲဝဲတလယ်လယ် ထိုးစစ်ဆင်နေတာ ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့်မို့လို့ အဲဒီ ရန်လိုတဲ့ စစ်တပ်တွေ အကုန်လုံး ဆုတ်ပါလို့ ကျွန်တော်တို့ ပြောနေတာဖြစ်တယ်။ ဒါတွေမလုပ်ဘဲနဲ့ ဘယ်လိုမှ (ဆွေးနွေးပွဲ) ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ပါးစပ်က ဘုရားဘုရား လက်ကနေ ကားယားကားယား လုပ်တဲ့ဟာက လုံး၀မဖြစ်နိုင်ဘူး။ ကျွန်တော်ပြောချင်တာက သူ့(စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်)ရဲ့ စကားနဲ့ ပြန်ငှားပြောရမယ်ဆိုရင်တော့ ဆိတ်ခေါင်းချိတ်ပြီးတော့ ခွေးသားရောင်းနေတယ်ဆိုတာ သူကိုယ်တိုင်က လုပ်နေတဲ့ ကိစ္စပါ။ အဲဒါကြောင့်မို့လို့ ဒီဟာတွေ ရပ်တန်းက ရပ်ဖို့သင့်တယ်လေ”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယမန်နေ့တွင် စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို ပယ်ချသည့် KNU၏ ထုတ်ပြန်ကြေညာချက်အပေါ် ရှင်းပြသည်။
KIO/KIA အနေဖြင့်လည်း စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို လက်မခံကြောင်း မေလ ၅ရက်တွင် KIO ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။ စစ်ကောင်စီ အနေဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားသော်လည်း KIO/KIA ဌာနချုပ်တစ်ဝိုက် တပ်အင်အား ဖြည့်တင်းထားခြင်းကို ပြန်လည် ရုတ်သိမ်းထားခြင်းမရှိကြောင်း KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIO ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ဂွန်မော်ကလည်း ယနေ့ မေလ ၉ရက်တွင် ၎င်း၏ Facebook တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ညွှန်းဆိုသည်ဟု သိသာစေသော ကာတွန်းပြကွက်ကို ဖော်ပြခဲ့သည်။
“ ဒီနေ့။ ခရီးသွားရင်း ရွာကလေးတရွာက (ကလေးများဝိုင်းကြည့်နေသော နံရံကပ် ကာတွန်းပုံတပုံ)”ဟု ရေးသားကာ ခွေးခန္တာကိုယ်တွင် ဆိပ်ခေါင်း ချိပ်ပြီး စျေးရောင်းနေသည့်ကာတွန်းကို ဖော်ပြထားသည်။
အဆိုပါ ကာတွန်းတွင် “ကျင်ဆိုး၊ ဆိတ်သား” ၊ “ May 9” ၊ “ဟာ ဖောက်သည်တွေတောင် လာမဝယ်ကြပါလား…အီး…”ဟူသည့် စာသားများလည်းရေးထားသည်။
ကျင်ဆိုးဆိုသည်မှာ စစ်ကောင်စီခေါင်းဆောင်ကို ပြည်သူများက ကြိုးစင်တက်စေလိုသည်ကို ရည်ရွယ်ပြီး ခေါ်ဆိုသည့် နာမည်ပြောင် ဖြစ်ပြီး ဆိတ်သားဆိုသည်မှာ ဆိတ်ခေါင်းချိတ်ထားသည့် ခွေးကဆိတ်သားရောင်း နေပုံကို ဖော်ပြထားခြင်းဖြစ်သည်။
မေလ၉ရက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင် လှိုင်က သူကိုယ်တိုင်ဆွေးနွေးမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မေလ ၉ရက် နောက်ဆုံးထား အကြောင်းပြန်ရန် ပြောဆိုထားသည်ကို ညွှန်းဆိုသည့် ရက်စွဲဖြစ်သည်။
“ဟာ ဖောက်သည်တွေတောင် လာမဝယ်ကြပါလား…အီး…” ဟူသည့်စာမှာ စစ်ကောင်စီခေါင်းဆောင်ဖိတ်ခေါ်ချက်ကို နိုင်ငံရေး၊ စစ်ရေးအရဂုဏ်သိက္ခာရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက မတက်ရောက်ကြောင်းထုတ်ပြန်ကြေညာမှုများရှိသည့် အခြေအနေကို ရည်ညွှန်းထားခြင်းဖြစ်ဖွယ်ရှိသည်ဟုသုံးသပ်မှုများလည်းရှိသည်။
အဆိုပါ စကားပုံကို လွန်ခဲ့သော ၂ နှစ်ခန့်က မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုရည်ညွှန်း၍၂၁ ရာစု ပင်လုံညီလာခံတွင်ပြောကြားခဲ့ဖူးသည်။
“တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်တာဖြစ်ပါတယ်။ တက်လာသမျှအစိုးရတွေကို ဆန့်ကျင်တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အစိုးရတိုင်းကို တပ်မတော်က ကာကွယ်ပေးနေတယ်ဆိုတာ ဖြစ်စဉ် ဖြစ်ရပ်များပေါ်မှာ ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာကြည့်ရင်တွေ့နိုင်ပါတယ်။
၁၉၅၀ ပြည့်နှစ်လောက်က အတွေးအခေါ် အယူအဆတွေနဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်မောင်းနှင်နေလိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့ ကျွန်တော်ပြောလိုပါတယ်။
အဲဒီခေတ်က ခေတ်စားခဲ့တဲ့ စကားနဲ့ပြန် ပြောရရင် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့လို့ ကျွန်တော်ဆိုချင်ပါတယ်” ဟုအကြမ်းဖက်စစ်တပ်ခေါင်းဆောင်က ၂၀၂၀ သြဂုတ် ၁၉ ရက်က မင်းအောင်လှိုင်က ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးညီလာခံတွင် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များကို ထိုကဲ့သို့တစ်ဖက်သက်အပြစ်တင်စကားပြောခဲ့ခြင်းအပေါ် နိုင်ငံရေးသမားများက စစ်ခေါင်ဆောင်ကိုဝေဖန်ခဲ့ကြပြီး ၊အဆိုပါအယူအဆဖြင့်ဆိုပါက ငြိမ်းချမ်းရေးအလှမ်းဝေးမည်ဟုထိုစဥ်ကတည်းကသုံးသပ်ခဲ့ကြသည်။
ယခုအခါရွေးကောက်ခံအရပ်သားအစိုးရထံမှအာဏာလုယူပြီး ငြိမ်းချမ်စွာဆန္ဒပြသောပြည်သူများကိုအကြမ်းဖက်သတ်ဖြတ်ချေမှုန်းရာမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပြည်သူများကလက်နက်စွဲကိုင်တော်လှန်၍ အထိနာနေချိန်တွင်အာဏာသိမ်းခေါင်းဆောင်က ၎င်းကိုယ်တိုင်ငြိမ်းချမ်းရေးဆွေးနွေးမည်ဟုဖိတ်ကြားသော်လည်း အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကမတက်ရောက်ဟုတရားဝင်ထုတ်ပြန်ကြချိန်တွင် မင်းအောင်လှိုင် လွန်ခဲ့သော ၂ နှစ်ခန့်ကပြောခဲ့သောစကားဖြင့်ပြန်လည်တုံ့ပြန် လိုက်ခြင်းလည်းဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း KNU၊ KIO၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က ထုတ်ပြန်ကြေညာထားသည်။
“ကျွန်တော်ပြောချင်တာက ဒီလိုအကြမ်းဖက်တဲ့နည်းနဲ့ အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်ဟာ ဒါကတရားမဝင်တဲ့အဖွဲ့အစည်း တစ်ခုဖြစ်သွားပြီဆိုတာရှင်းတယ်။ အဲဒါကြောင့်မို့လို့ ဒီလိုတရားမဝင်တဲ့ အဖွဲ့အစည်းတစ်ခုကနေ နိုင်ငံရေး ဆွေးနွေးပွဲခေါ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူကိုယ်တိုင်ကလည်း ဒီလိုနိုင်ငံရေးဆွေးနွေးပွဲမျိုးလုံး၀ ခေါ်ပိုင်ခွင့်မရှိဘူးဆိုတာ ကျွန်တော်တို့ အတိအလင်းပြောမယ်။ အဲဒီလိုဆိုတော့ ဒီလိုဖိတ်ခေါ်တဲ့ဟာ ကျွန်တော်တို့ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။
