Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖီဖာ တားမြစ်ထားတဲ့ လက်ပတ်ကိုဝတ်ပြီး ဖီဖာ ဥက္ကဋ္ဌနား သွားထိုင်ခဲ့တဲ့ ဂျာမန် ဝန်ကြီး

အဲဒီပွဲစဉ်မှာတော့ နာမည်ကြီး ဂျာမနီဟာ ဂျပန်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး အုပ်စုအဆင့်က လွတ်မြောက်ရေးအတွက် ရုန်းကန်ရမယ့် အခြေအနေတွေ ကြုံလာခဲ့ပါတယ်။

ဖီဖာ တားမြစ်ထားတဲ့ လက်ပတ်ကိုဝတ်ပြီး ဖီဖာ ဥက္ကဋ္ဌနား သွားထိုင်ခဲ့တဲ့ ဂျာမန် ဝန်ကြီး
ဖီဖာ တားမြစ်ထားတဲ့ လက်ပတ်ကိုဝတ်ပြီး ဖီဖာ ဥက္ကဋ္ဌနား သွားထိုင်ခဲ့တဲ့ ဂျာမန် ဝန်ကြီး

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘောလုံးအသင်းတွေ အနေနဲ့ LGBT အားပေးတဲ့ လက်ပတ်တွေ ဝတ်ဆင်ရင် စည်းကမ်းပိုင်းအရ အရေးယူ ခံရမယ်လို့ သတိပေးခဲ့တဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌနားမှာ ဂျာမန် အစိုးရ ဝန်ကြီးတစ်ဦးက အဲဒီလက်ပတ် ဝတ်ပြီး ခပ်တည်တည် သွားထိုင်နေခဲ့ပါတယ်။

OneLove အဖွဲ့အစည်းရဲ့ အမှတ်တံဆိပ်ပါ အသင်းခေါင်းဆောင် လက်ပတ်တွေကို ဝတ်ဆင်ခွင့် ရမရ ဆိုတာက ကမ္ဘာ့ဖလား မတိုင်ခင်မှာ အတော်လေး အငြင်းအခုံ ဖြစ်ခဲ့တဲ့ ကိစ္စပါ။ အင်္ဂလန်၊ ဂျာမနီနဲ့ နယ်သာလန်တို့ အပါအဝင် ဥရောပ ၉ နိုင်ငံရဲ့ ဘောလုံး အသင်းတွေက OneLove တံဆိပ်ပါ အသင်းခေါင်းဆောင် လက်ပတ်တွေကို ဝတ်ဆင်ခွင့်ရဖို့ ဖီဖာကို တောင်းဆိုခဲ့ကြပါတယ်။

OneLoveဟာ လိင်စိတ်တိမ်းညွှတ်မှု ကွဲပြားတဲ့ LGBT အသိုက်အဝန်းရဲ့ လူ့အခွင့်အရေး တန်းတူညီမျှ ရှိရေးကို ထောက်ခံ တောင်းဆိုတဲ့ သင်္ကေတသာဖြစ်ပြီး နိုင်ငံရေး ရည်ရွယ်ချက် ဘာမှ မပါကြောင်း အဲဒီ နိုင်ငံတွေရဲ့ ဘောလုံး အဖွဲ့ချုပ်တွေက ပြောပါတယ်။ ဒါပေမဲ့ ဖီဖာကတော့ မွတ်ဆလင် နိုင်ငံတစ်ခုမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ LGBTအားပေး သင်္ကေတတွေ မလုပ်စေချင်တဲ့ သဘောနဲ့ အဲဒီ လက်ပတ်တွေ ဝတ်ဆင်ခွင့်ကို တားမြစ်ခဲ့ပါတယ်။ တားမြစ်ချက်ကို မလိုက်နာတဲ့ အသင်းတွေဟာ စည်းကမ်းပိုင်းအရ အရေးယူ ခံရမယ်လို့လည်း ဖီဖာက အတိအလင်း သတိပေးခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ ရက်မှာ ဂျာမနီနဲ့ ဂျပန်တို့ ယှဉ်ပြိုင်ကစားကြတဲ့ ပွဲစဉ်မှာတော့ ဂျာမနီ အစိုးရရဲ့ ပြည်ထဲရေးနဲ့ လူ့အဖွဲ့အစည်းရေးရာ ဝန်ကြီး နန်စီ ဖီယက်ဆာဟာ OneLove လက်ပတ်ကို ကိုယ်တိုင်ပတ်ပြီး ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနို ဘေးမှာထိုင်ပြီး စကား သွားပြောနေခဲ့ပါတယ်။ အင်ဖန်တီနို အနေနဲ့ ဒီအခြေအနေမှာ မျက်နှာ အထားရ ခက်နေခဲ့မှာ သံသယရှိဖို့ မလိုပါဘူး။

ဖီဖာအပေါ် ဂျာမနီရဲ့ အရွဲ့တိုက်မှုက ဒီလောက်နဲ့တင် မပြီးဘဲ ဂျာမန် လက်ရွေးစင် ကစားသမားတွေက ပွဲမတိုင်ခင် အသင်းလိုက် ဓာတ်ပုံရိုက်တဲ့ အချိန်မှာလည်း သူတို့ရဲ့ ပါးစပ်တွေကို လက်နဲ့ အုပ်ပြထားခဲ့ပါတယ်။ ဒါဟာ လူ့အခွင့်အရေးဆိုင်ရာ သူတို့ရဲ့ တောင်းဆိုချက်ကို ဖီဖာက ပိတ်ပင်ထားတာကို သရော်ပြီး ဆန္ဒပြတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာတော့ နာမည်ကြီး ဂျာမနီဟာ ဂျပန်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး အုပ်စုအဆင့်က လွတ်မြောက်ရေးအတွက် ရုန်းကန်ရမယ့် အခြေအနေတွေ ကြုံလာခဲ့ပါတယ်။

You May Also Like

နိုင်ငံတကာ

တကယ်လို့ OneLove လက်ပတ်တွေ ဝတ်ဆင်ခဲ့မယ်ဆိုရင် အဝါကတ်ပြ သတိပေး အရေးယူမှုတွေ ရှိလာမယ်လို့ ဖီဖာက အကြောင်းကြားခဲ့တဲ့နောက် အသင်းခေါင်းဆောင်တွေက အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

G20 ညီလာခံမှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု နိုင်ငံခေါင်းဆောင်တွေနဲ့ နေ့လယ်စာ သုံးဆောင်ချိန်မှာ ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက အခုလို ပြောကြားသွားခဲ့တာပါ။

သတင်း

စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာ ၊ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာတွေ လုပ်ဆောင်နေပါတယ်။

သတင်း

ထောင်ဒဏ် ၂ နှစ်ချထားတဲ့ တိုင်းဝန်ကြီး ဒေါက်တာစိုးသန်း ဒီနေ့ပြန်လွတ်လာတာကို NLD ပါတီဝင်တွေကလည်းအသိပေးပါတယ်။