တစ်လခွဲ အကြာမှာ ရာထူးက နုတ်ထွက်ခဲ့တဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း လစ်ဇ်ထရက်စ် အနေနဲ့ ဝန်ကြီးချုပ်ဟောင်းတွေအတွက် သတ်မှတ်ထားတဲ့ စတာလင်ပေါင် ၁ သိန်းကျော် ငွေကြေး ခံစားခွင့်ကို မရရှိထိုက်ကြောင်း တောင်းဆိုမှုတွေ ထွက်ပေါ်လာပါတယ်။
ထရက်စ်ဟာ ရာထူးလက်ခံပြီး ၄၅ ရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၀ မှာ သူ့အနေနဲ့ ဝန်ကြီးချုပ် တစ်ဦးရဲ့ တာဝန် ဝတ္တရားတွေ ဆက်လက် ထမ်းဆောင်ဖို့ လုံလောက်တဲ့ အခြေအနေ မရှိကြောင်း ပြောကြားပြီး ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
သူ့ရဲ့ အခွန်နဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေမှာ အငြင်းပွားစရာ အခြေအနေတွေ ရှိခဲ့ပြီး အာဏာရ ကွန်ဆာဗေးတစ် ပါတီဝင်တွေ ကိုယ်တိုင်က သူ့အပေါ် မထောက်ခံကြောင်း ပြသလာတဲ့နောက် ထရက်စ်ဟာ ဗြိတိန်သမိုင်းမှာ သက်တမ်း အတိုဆုံး ဝန်ကြီးချုပ်အဖြစ် ခံယူပြီး နုတ်ထွက်သွားခဲ့ပါတယ်။
အခုအခါမှာတော့ ဆာကီရာ စတာမန် ဦးဆောင်တဲ့ လွှတ်တော် အမတ်တွေက ထရက်စ်ကို ဝန်ကြီးချုပ်ဟောင်း တစ်ဦးရဲ့ ခံစားပိုင်ခွင့် စတာလင်ပေါင် ၁၁၅၀၀၀ ထဲက တစ်ပြားတစ်ချပ်မှ မပေးသင့်ကြောင်း တောင်းဆိုလာပါတယ်။ စည်းမျဉ်းတွေ အရတော့ ဝန်ကြီးချုပ် တာဝန် ယူလိုက်ပြီ ဆိုတာနဲ့ ပြည်သူ့ဝန်ထမ်း ခံစားခွင့်အဖြစ် အများဆုံး ပမာဏ စတာလင်ပေါင် ၁၁၅၀၀၀ ထုတ်ယူခွင့် ရှိပါတယ်။
ဒါပေမဲ့ အတိုက်အခံ လေဘာပါတီခေါင်းဆောင် စတာမန်ကတော့ ထရက်စ်ဟာ ဒီငွေကြေး ခံစားခွင့်နဲ့ မထိုက်တန်ကြောင်း ဝေဖန်ခဲ့ပါတယ်။ စည်းမျဉ်းတွေအရ ဒီငွေကြေးကို ရယူနိုင်တယ် ဆိုရင်တောင် ၄၄ ရက်ပဲ ဝန်ကြီးချုပ် လုပ်ခဲ့တဲ့ ထရက်စ်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ငြင်းဆိုသင့်တယ်လို့ စတာမန်က ပြောပါတယ်။ လစ်ဘရယ် ဒီမိုကရက်ပါတီ ခေါင်းဆောင် အက်ဒ် ဒေဗီကလည်း ထရက်စ်ဟာ အဲဒီပိုက်ဆံကို မျက်စောင်းတောင် မထိုးသင့်ဘူးလို့ ဆိုပါတယ်။
အဲဒီ ငွေကြေး ခံစားခွင့်ကို ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ နုတ်ထွက်မှုကို အကြောင်းပြုပြီး ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာလက်ထက်၊ ၁၉၉၁ ခုနှစ်၊ မတ်လမှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း တစ်ဦးလည်းဖြစ်ပြီး အများပြည်သူ ကောင်းကျိုးပြု လုပ်ငန်းတွေမှာ ဆက်လက် တာဝန်ယူနေဆဲဆိုရင် ဒီလို ငွေကြေး ခံစားခွင့်မျိုး ရရှိဖို့ သတ်မှတ်ထားပါတယ်။
ထရက်စ်ဟာ ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး အများပြည်သူ ကောင်းကျိုးအတွက် လှုပ်ရှားမှုတွေမှာ ပါဝင်နေမယ်ဆိုရင် ဒီငွေကြေးကို အတိုင်းအတာ တစ်ခုထိ ထုတ်ယူလို့ရမယ့် သဘောပါပဲ။ ဗြိတိန် ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ မေဂျာ၊ တိုနီဘလဲရ်၊ ဂေါ်ဒွန်ဘရောင်း၊ ဒေးဗစ် ကင်မရွန်နဲ့ ထရေဆာမေတို့ အားလုံးဟာ အဲဒီ ငွေကြေးခံစားခွင့်ကို ရရှိခဲ့ကြပါတယ်။ ထရက်စ် မတိုင်ခင် ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ဘောရစ်ဂျွန်ဆန်ကရော ငွေကြေးခံစားခွင့်ကို ထုတ်ယူခဲ့သလားဆိုတာ အတိအကျ မသိရသေးပါဘူး။
နောက်ပြီး ငွေကြေးထုတ်ယူရာမှာလည်း အရစ်ကျ ခွဲခြားပေးတာမျိုး လုပ်ထုံးလုပ်နည်းတွေ ရှိနေပြီး ဝန်ကြီးချုပ်ဟောင်း တစ်ဦးဟာ အမြင့်ဆုံး ရနိုင်တဲ့ ခံစားခွင့် ပမာဏ စတာလင်ပေါင် ၁၁၅၀၀၀ ကို အပြည့်ရမယ်လို့ အတပ် မပြောနိုင်ပါဘူး။ ဥပမာ ဝန်ကြီးချုပ်ဟောင်း မေဟာ စတာလင်ပေါင် ၅၇၀၀၀ ကျော်သာ ရရှိခဲ့ပါတယ်။
နောက်ပြီး ထရက်စ်ဟာ ရာထူးက နုတ်ထွက်တဲ့ ဝန်ကြီးချုပ်ဟောင်း တစ်ဦးအဖြစ် တစ်လုံးတစ်ခဲ ပေးငွေ တစ်ရပ်ကိုလည်း ရရှိဦးမှာပါ။ ဗြိတိန်မှာ ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ် နုတ်ထွက်တဲ့အခါ တစ်နှစ်စာ လုပ်ခရဲ့ ၂၅ ရာခိုင်နှုန်းကို ပေးအပ်ဖို့ သတ်မှတ်ထားတာကြောင့် ထရက်စ်ဟာ စတာလင်ပေါင် ၁၉၀၀၀ ကို သီးခြား ရရှိမယ်လို့ သိရပါတယ်။
