ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက နေ့ကလေးထိန်း မူကြိုကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ကလေး အများစု အပါအဝင် လူ ၃၄ ဦးထက်မနည်း သေဆုံးကြောင်း သိရပါတယ်။
အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းက နောင်ဘူအာလမ်ဖူ ဒေသမှာရှိတဲ့ မူကြိုကျောင်း တစ်ခုမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားကြောင်း ထိုင်းဗဟိုထောက်လှမ်းရေးဗျူရို (CIB)က အတည်ပြုပါတယ်။ တရားခံဟာ မူးယစ်ဆေးမှုကြောင့် ထုတ်ပယ်ခံထားရတဲ့ ထိုင်းရဲဝန်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး ပြစ်မှုကျူးလွန် အပြီးမှာ အဆုံးစီရင်သွားခဲ့ပါတယ်။
သေနတ်သမားဟာ မနက်ပိုင်းက မူးယစ်ဆေးဝါးမှုအတွက် တရားရုံးမှာ သွားရောက် လျှောက်လဲခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ မယားပါသား ရှိနေတဲ့ မူကြိုကျောင်းကို သွားရောက်ပြီး ကလေးကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ကလေးက ကျောင်းမတက်ဘူးလို့ သိရတဲ့အခါ ကျောင်းမှာရှိနေတဲ့ တခြားကလေးတွေရော၊ ဝန်ထမ်းတွေကိုပါ ပစ်သတ်ပါတော့တယ်။ အဲဒီနောက် ပစ်ကပ်ကား တစ်စီးနဲ့ အိမ်ပြန်မောင်းသွားခဲ့ပြီး ဇနီးရော၊ အသက် ၂ နှစ်အရွယ် မယားပါသားကိုပါ သတ်ခဲ့တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်သွားခဲ့ပါတယ်။
CIB အရာရှိ ဗိုလ်မှူးချုပ် ဂျီရာပေါ့ဘ် ပူရီဒက်က သေနတ်သမားရဲ့ နာမည်ကို ပန်ယာ ခန်ရက်လို့ ထုတ်ပြန်ပါတယ်။ သူဟာ ပြောင်းတို သေနတ် တစ်လက်ရယ်၊ ဓားတစ်ချောင်းရယ်ကို ယူဆောင်ပြီး မူကြိုကလေးတွေနဲ့ ဆရာဆရာမတွေကို ရမ်းကား တိုက်ခိုက်ခဲ့တာပါ။ မူကြိုမှာ ကလေး ၃၀ ဝန်းကျင်လောက် ရှိနေပြီး ပန်ယာရဲ့ လက်ချက်ကြောင့် ကလေး ၂၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။
စိတ်ဖောက်ပြန်နေခဲ့တယ်လို့ ယုံကြည်ရတဲ့ သေနတ်သမားဟာ ကျောင်းဆရာ ဆရာမ ငါးယောက်လောက်ကို အရင်ဆုံး ပစ်သတ်ခဲ့ပါတယ်။ နောက်တော့ အကာအကွယ် မဲ့နေတဲ့ ကလေးတွေကို သေနတ်နဲ့လည်း ပစ်သလို ဓားနဲ့ပါ လိုက်ထိုးပါတယ်။ အခင်းဖြစ်တဲ့ နေရာကို ရဲတွေ ရောက်သွားတော့ သွေးအလူးလူးနဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေက စောင့်ကြိုနေပါတယ်။
ပန်ယာဟာ အခင်းဖြစ်တဲ့ နေရာကနေ အဖြူရောင် ပစ်ကပ် ထရပ်ကား တစ်စီးကို မောင်းပြေးသွားပြီး လမ်းမှာ ဆိုင်ကယ်စီးလာသူ နှစ်ယောက်ကို ဝင်တိုက်ခဲ့ပါသေးတယ်။ နောက်ဆုံးတော့ သူ့ဇနီးနဲ့ မယားပါသားကိုရော၊ သူ့ကိုယ်သူပါ သတ်ပစ်ပြီး အခုလို စက်ဆုပ်စရာ မှုခင်းကြီးကို အဆုံးသတ်လိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ရုံးက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိခိုက်နာကျင်ရသူ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဘန်ကောက်မြို့တော်နဲ့ ကီလိုမီတာ ၅၄၀ လောက် ကွာဝေးတဲ့ နေရာမှာ တည်ရှိတဲ့ နောင်ဘူအာလမ်ဖူ ဒေသဟာ ပုံမှန်ဆိုရင် အရမ်းအေးချမ်းပြီး ကြီးကြီးမားမား မှုခင်းတွေ မရှိတတ်ပါဘူး။
လောလောဆယ်တော့ CIBဟာ ဒေသခံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အမှုသွား အမှုလာကို အသေးစိတ် ဆက်လက် စစ်ဆေးနေပါတယ်။ ထိုင်းနိုင်ငံမှာ သေနတ် ကိုင်ဆောင်ခွင့်က အတော်တင်းကျပ်ပြီး လက်နက်ကိုင် မှုခင်းတွေ နည်းပါးတယ်လို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကတော့ စစ်သားတစ်ယောက်က စစ်တန်းလျားကစလို့ နေရာ ၄ ခုထိ လျှောက်သွားပြီး ပစ်ခတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် လူ ၂၉ ဦး သေဆုံးတဲ့ ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။
