ရုရှားနိုင်ငံ အလယ်ပိုင်းမှာ စာသင်ကျောင်းထဲ သေနတ်သမား တစ်ယောက်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ၁၃ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အူဒ်မာတီရာ ဒေသရဲ့ မြို့တော် အိုင်ဇက်ဗ်ခ်မှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုရဲ့ နောက်ခံ အကြောင်းတရားကိုတော့ မသိရသေးပါဘူး။ ပြီးတော့ သေနတ်သမား ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။
သေနတ်သမားရဲ့ လက်ချက်ကြောင့် ကလေး ၇ ဦးနဲ့ ကျောင်းဝန်ထမ်း ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ စက်တင်ဘာ ၂၆ ရက်က ပစ်ခတ်မှု ဖြစ်ပွားချိန် ကျောင်းထဲမှာ လူ ၁၀၀၀ လောက် ရှိနေခဲ့ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရောက်သွားချိန်မှာတော့ သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ပြီး အဆုံးစီရင်ထားတာ တွေ့ခဲ့ရပါတယ်။
ကလေးတွေ ရှိနေတဲ့ ကျောင်းထဲကို ရက်ရက်စက်စက် ဝင်ပစ်တဲ့ အကြောင်းရင်းကို မသိရသေးဘဲ လတ်တလော ရုရှားမှာ လူပြောများနေတဲ့ စစ်မှုထမ်း ဆင့်ခေါ်မှု ပြဿနာနဲ့ ပတ်သက်သလား ဆိုတာကိုလည်း အတည်မပြုနိုင်ပါဘူး။ သေနတ်သမားဟာ ခေါင်းစွပ်တစ်ခုနဲ့ နာဇီတံဆိပ်ပါတဲ့ အနက်ရောင် တီရှပ်ကို ဝတ်ဆင်လာခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ၂ ဦးက ကျောင်းဆရာတွေ ဖြစ်ပြီး ၂ ဦးက လုံခြုံရေး ဝန်ထမ်းတွေလို့ သိရပါတယ်။ ပြီးတော့ ကလေး ၁၄ ဦးနဲ့ လူကြီး ၇ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေဟာ စာသင်ခန်းတွေထဲမှာ ကြောက်လန့်တကြား ပုန်းခိုနေတဲ့ ကလေးတွေနဲ့ ဝန်ထမ်းတွေကို တစ်သုတ်ချင်း ကယ်ထုတ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အဲဒီကျောင်းဟာ ပထမတန်းကနေ တက္ကသိုလ် ဝင်တန်းထိ သင်ကြားပေးနေတဲ့ ပညာရေး ဌာနတစ်ခုပါ။ လတ်တလောမှာတော့ ကျောင်းကို ပိတ်ထားပြီး မှုခင်းဧရိယာအဖြစ် သတ်မှတ်ထားလိုက်ပါတယ်။ အူဒ်မာတီရာ ဒေသ အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဘရက်ချာလော့ဗ်က ဒီဖြစ်စဉ်အတွက် ဝမ်းနည်းကြေကွဲမှု ကာလကို စက်တင်ဘာ ၂၉ ရက်ထိ သတ်မှတ်ထားမယ်လို့ ကြေညာပါတယ်။
ရုရှားမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စာသင်ကျောင်း ပစ်ခတ်မှု သတင်းတချို့ကို ကြားသိခဲ့ဖူးပြီး ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ မေလတုန်းက ကာဇန်မြို့က ကျောင်းတစ်ကျောင်းမှာ ဆယ်ကျော်သက် သေနတ်သမား တစ်ဦးကြောင့် ကလေး ၇ ယောက်နဲ့ လူကြီး ၂ ယောက် သေဆုံးခဲ့ဖူးပါတယ်။ အခုနှစ်၊ ဧပြီလမှာလည်း အူလီနော့ဗ်စ်ခ် ဒေသက မူလတန်းကျောင်း တစ်ခုမှာ သေနတ်သမား တစ်ယောက်က ဆရာမ တစ်ယောက်နဲ့ ကလေးနှစ်ယောက်ကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။
