ပါကစ္စတန် နိုင်ငံမှာ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျပြီး လိုက်ပါသွားသူ ၆ ဦးစလုံး သေဆုံးသွားကြောင်း သိရပါတယ်။
အဲဒီ ရဟတ်ယာဉ်ဟာ နိုင်ငံ အနောက်တောင်ပိုင်း၊ ဘာလိုချီစတန် ဒေသမှာ လေ့ကျင့်ရေး မစ်ရှင် တစ်ခုအတွက် ပျံသန်းနေရင်း ပျက်ကျသွားခဲ့တာလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ ဗိုလ်မှူးအဆင့် အရာရှိ ၂ ဦး ပါဝင်တယ်လို့လည်း စစ်တပ်က အတည်ပြုခဲ့ပါတယ်။
လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ စက်တင်ဘာ ၂၅ ရက် ညပိုင်းက ဟာနိုင်ခရိုင်မှာရှိတဲ့ ခေါ့စ်မြို့နားမှာ ပျက်ကျသွားတာလို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်ကြောင့် လေယာဉ်မှူး နှစ်ဦး အပါအဝင် လိုက်ပါသွားတဲ့ စစ်မှုထမ်း ၆ ဦးလုံး ကျဆုံးခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။
လတ်တလောမှာတော့ ပါကစ္စတန် စစ်တပ်ဟာ ရဟတ်ယာဉ် ပျက်ကျရာ နေရာက ရုပ်အလောင်းတွေကို ပြန်သယ်ဆောင်ဖို့ စီစဉ်နေပြီး ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။
ဘာလိုချီစတန် ပြည်နယ်မှာတော့ စစ်တပ် ရဟတ်ယာဉ်တွေ ပျက်ကျပြီး စစ်မှုထမ်းတွေ အသက်ဆုံးရှုံးရတဲ့ ကိစ္စမျိုးကို ၂ လတာအတွင်း ဒုတိယအကြိမ် ကြုံရတာ ဖြစ်ပါတယ်။ ဩဂုတ်လတုန်းကလည်း ဘာလိုချီစတန်မှာပဲ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် ဗိုလ်ချုပ်တစ်ဦး အပါအဝင် ၆ ဦး အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။
