ပြင်ပကမ္ဘာရဲ့ ထိတွေ့ ဆက်သွယ်မှုကို လုံးဝ လက်မခံဘဲ ကမ္ဘာ့ အထီးအကျန်ဆုံး လူသားအဖြစ် သတ်မှတ် ခံထားရတဲ့ တောတွင်းနေ တိုင်းရင်းသား တစ်ဦးဟာ အခုအခါ ကွယ်လွန်သွားရှာပြီလို့ ဘရာဇီး အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ သူသေဆုံးသွားတဲ့အခါ သူ့ရဲ့ မျိုးနွယ်စုလည်း ကမ္ဘာပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။
ကျင်းလူသားလို့ ဘရာဇီး မီဒီယာတွေက ညွှန်းဆို သုံးနှုန်းလေ့ရှိတဲ့ ဒေသခံ တိုင်းရင်းသား တစ်ဦးဟာ မျိုးနွယ်တူ မိသားစုဝင်တွေ သေဆုံးသွားတဲ့နောက် ပြင်ပကမ္ဘာနဲ့ အဆက်အဆံ လုံးဝမရှိဘဲ ၂၆ နှစ်လောက် တစ်ကိုယ်တော် နေထိုင်ခဲ့ပါတယ်။ သူဟာ ကျင်းနက်နက်တွေ တူးပြီး တိရစ္ဆာန်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးတာ၊ ကိုယ်တိုင် ဝင်ရောက် ပုန်းခိုနေတာမျိုးတွေ လုပ်တတ်တာကြောင့် ဒီနာမည်မျိုး ရထားခဲ့တာပါ။
သူ့ရဲ့ ရုပ်ကြွင်းကို သူနေထိုင်ရာ ကောက်ရိုး တဲအိမ်နားက ပုခက်စင် တစ်ခုပေါ်မှာ ဩဂုတ် ၂၃ ရက်က ရှာတွေ့ခဲ့ကြပါတယ်။ ကျင်းလူသားဟာ ပြင်ပ ပယောဂ တစ်ခုခုကြောင့် သေဆုံးသွားတာ မဟုတ်ဘဲ ရုန်းကန် တိုက်ခိုက်ထားတဲ့ လက္ခဏာတွေလည်း မတွေ့ရဘူးလို့ မှုခင်း အရာရှိတွေက ဆိုပါတယ်။
အရင်က သူ့မှာ မိသားစုဝင် ၆ ဦး ရှိခဲ့ဖူးပေမယ့် ၁၉၉၅ ခုနှစ်မှာ သေဆုံးကုန်ကြပြီး ကျင်းလူသားက တစ်ကိုယ်တော် ရှင်သန် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ဘရာဇီး အာဏာပိုင်တွေက ဆက်သွယ်ပြီး အကူအညီပေးဖို့ ကြိုးစားပေမယ့် မအောင်မြင်တဲ့အတွက် လက်လျှော့ထားခဲ့ကြပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက စိုက်ပျိုးမွေးမြူရေးအတွက် နယ်မြေ ချဲ့ထွင်တဲ့ အချိန်မှာ ကျင်းလူသားရဲ့ မျိုးနွယ်တူ အများစုကို သတ်ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့မျိုးနွယ်စုဟာ ဘိုလီးဗီးယား နိုင်ငံနဲ့ နယ်စပ်ထိစပ်နေရာ ရွန်ဒိုနီးရား ဒေသက တောတွင်းနေ တိုင်းရင်းသား နယ်မြေမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အထီးအကျန်ဆုံး လူသားအဖြစ် သတ်မှတ်ထားတဲ့ အမျိုးသား ကွယ်လွန်ချိန်မှာ အသက် ၆၀ ဝန်းကျင်လောက် ရှိပြီလို့ ယုံကြည်ရပါတယ်။ သူဟာ သဘာဝအတိုင်း သေဆုံးသွားတယ်လို့ ယူဆရပေမယ့် ရဲတပ်ဖွဲ့ကတော့ ရင်ခွဲ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
ဘရာဇီးနိုင်ငံရဲ့ အခြေခံ ဥပဒေတွေအရ တောတွင်းနေ တိုင်းရင်းသား မျိုးနွယ်စုတွေဟာ သူတို့ မျိုးရိုးစဉ်ဆက် နေထိုင်လာတဲ့ နယ်မြေတွေကို ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတာကြောင့် နယ်မြေ ချဲ့ထွင် သိမ်းယူလိုသူတွေက တိုင်းရင်းသားတွေကို သတ်ဖြတ်ပစ်တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။
ဘရာဇီးရဲ့ တိုင်းရင်းသားမျိုးနွယ်ရေးရာ ဌာနရဲ့ အေးဂျင့်တွေက ကျင်းလူသားရဲ့ လုံခြုံရေးအတွက် ၁၉၉၆ ကတည်းက အဝေးကနေ စောင့်ကြည့်ပေးနေခဲ့ပါတယ်။ ၂၀၁၈ တုန်းကတော့ အေးဂျင့် တစ်ဦးဟာ ကျင်းလူသားက ပုဆိန်နဲ့တူတဲ့ အရာတစ်ခုနဲ့ သစ်ပင်ကို လှီးဖြတ်နေတဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း သူက တဲမှာတောင် သိပ်မနေတော့ဘဲ ကိုယ်ရောင်ဖျောက်သွားခဲ့ပါတယ်။
သူကွယ်လွန်သွားပြီးတဲ့နောက် သူ့တဲတဝိုက်ကို စစ်ဆေး လေ့လာကြည့်တဲ့အခါ တိရစ္ဆာန်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးတဲ့ လက်လုပ် ကိရိယာတွေ၊ ဆူးချွန်တွေကို တွေ့ခဲ့ရပါတယ်။ နောက်ပြီး တဲနားတဝိုက်မှာ ပြောင်းခင်းတွေ၊ ငှက်ပျောနဲ့ သင်္ဘောသီးလို စားပင်တွေ စိုက်ပျိုးထားတယ်လို့ ဆိုပါတယ်။ အခုတော့ သူကိုယ်စားပြုခဲ့တဲ့ တိုင်းရင်းသား မျိုးစိတ်ဟာ သူသေဆုံးမှုနဲ့အတူ ပျောက်ကွယ်သွားခဲ့ပါပြီ။
ဘရာဇီး နိုင်ငံမှာ တောတွင်းနေ တိုင်းရင်းသား မျိုးနွယ်စု ၂၄၀ လောက် ရှိနေပြီး အများအပြားဟာ တရားမဝင် သတ္တုတူးဖော်သူတွေ၊ သစ်ခုတ်သူတွေနဲ့ လယ်မြေ ချဲ့ထွင်သူတွေဆီက အကြီးအကျယ် ခြိမ်းခြောက်မှုတွေနဲ့ ကြုံနေရကြောင်း သိရပါတယ်။
