ပါကစ္စတန် ပိုင်နက်ထဲ ဒုံးကျည်နဲ့ မှားယွင်း ပစ်ခတ်မိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အရာရှိ ၃ ဦးကို ထုတ်ပယ်လိုက်ကြောင်း အိန္ဒိယ လေတပ်က ထုတ်ပြန်ပါတယ်။
မတ်လတုန်းက အိန္ဒိယ ဒုံးကျည်တစ်စင်းဟာ ပါကစ္စတန် ပိုင်နက်ထဲ ကျရောက်ခဲ့ပါတယ်။ အိန္ဒိယက ဒါဟာ ရည်ရွယ်ချက် မပါတဲ့ အမှားသက်သက်ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ချက်ချင်း ကြေညာခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်း ရန်ဘက် နိုင်ငံတွေ ဖြစ်ပေမယ့် ဒီကိစ္စကိုတော့ ခေါင်းအေးအေးနဲ့ ဖြေရှင်းခဲ့ကြပြီး သွေးမြေကျ ဖြစ်ရပ်တွေကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးက အပြန်အလှန် ဒုံးကျည်တွေနဲ့ ချိန်ရွယ်ထားတာကြောင့် တစ်ချိန်ချိန်မှာ မတော်တဆ အမှားအယွင်းတွေ ကြုံသွားနိုင်တယ်လို့ စစ်ဘက်ရေးရာ တာဝန်ရှိသူတွေက သတိပေးခဲ့ဖူးပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယတို့ဟာ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး နယ်စပ်တလျှောက် အသေးစား လက်နက်ကိုင် ပဋိပက္ခတွေလည်း အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။
မတ်လတုန်းက အိန္ဒိယ မှားယွင်း ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ နျူကလီးယား ထိပ်ဖူးတွေပါ တပ်ဆင်နိုင်ပြီး မြေပြင် အခြေစိုက် ပစ်လွှတ်ရတဲ့ BrahMos ပဲ့ထိန်းဒုံးတစ်စင်း ဖြစ်ပါတယ်။ မတ်လ ၉ ရက်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယဖက်က အမှားအယွင်းဖြစ်ကြောင်း ဝန်ခံတာကို ပါကစ္စတန်က လက်ခံခဲ့ပေမယ့် အန္တရာယ် များလွန်းတဲ့ အလွဲအချော်နဲ့ ပတ်သက်ပြီး အကျေအလည် ဖြေရှင်းပေးဖို့တော့ တောင်းဆိုခဲ့ပါတယ်။
ဒီကိစ္စအတွက် အထူးခုံရုံး တစ်ခုဖွဲ့ပြီး စုံစမ်း စစ်ဆေးခဲ့ကြောင်း၊ အမှားအယွင်းတွေကို သင်ခန်းစာယူပြီး ပြင်ဆင်သင့်တာတွေကို ပြန်လည် ပြင်ဆင်ခဲ့ကြောင်း၊ ဒုံးကျည် မှားပစ်ခဲ့မိတဲ့ ကိစ္စမှာ အဓိက ပေါ့လျော့ခဲ့တဲ့၊ တာဝန်မဲ့တဲ့ အရာရှိတွေကို ရာထူးက ထုတ်ပယ် အရေးယူခဲ့ကြောင်း အိန္ဒိယ လေတပ်က ဩဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အရေးယူ ခံရတဲ့ အရာရှိ ၃ ဦးဟာ အဲဒီနေ့မှာပဲ ချက်ချင်း ရာထူးတာဝန်တွေကနေ ရပ်နား ခံခဲ့ရပါတယ်။ အမေရိကန် အခြေစိုက် လက်နက် ထိန်းချုပ်ရေး စောင့်ကြည့်အဖွဲ့ရဲ့ အဆိုအရ BrahMos အမျိုးအစား ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၀၀ နဲ့ ၅၀၀ ကြား အကွာအဝေးထိ ခရီးပေါက်အောင် ပျံသန်းနိုင်ကြောင်း သိရပါတယ်။ တစ်နည်းအားဖြင့် အိန္ဒိယ မြောက်ပိုင်းမှာ တည်ဆောက်ထားတဲ့ ပစ်စင်တွေကနေ လွှတ်တင်လိုက်မယ်ဆိုရင် ပါကစ္စတန်ရဲ့ မြို့တော် အစ္စလာမ်မာဘတ်ထိ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
