မွန်တီနီဂရိုး နိုင်ငံမှာ မိသားစုဝင် အချင်းချင်း စကားများရာက ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဩဂုတ် ၁၂ ရက်က ဆီတင်ဂျီမြို့မှာ ဆိုးရွားတဲ့ ရမ်းကား ပစ်ခတ်မှုတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုပါတယ်။ ဖြစ်စဉ်ဟာ မိသားစုချင်း စကားများရာက အစပြုခဲ့ပြီး သေနတ်သမားက သူ့မိသားစုဝင် ၃ ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် အိမ်နားတဝိုက်က လမ်းသွားလမ်းလာတွေကိုပါ ရမ်းပစ်ပါတော့တယ်။
အသက် ၃၄ နှစ်အရွယ် သေနတ်သမားကို တခြား လက်နက်ကိုင် ပြည်သူတစ်ယောက်က ပစ်သတ်လိုက်မှပဲ ဒီအခြေအနေဆိုးကြီး အဆုံးသတ်သွားခဲ့ပါတယ်။ ရဲတွေက အခင်းဖြစ်တဲ့ အိမ်ထဲကို ဝင်ရောက် ရှာဖွေတဲ့အခါ သေနတ်သမားရဲ့ ဇနီးနဲ့ ကလေး ၂ ဦးကို သေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။
မိသားစုဝင်တွေကို ပစ်သတ်ပြီးချိန်မှာ အဲဒီ အမျိုးသားဟာ အိမ်အပြင် ထွက်သွားပြီး နောက်ထပ် လမ်းသွားလမ်းလာ ၇ ဦးထက် မနည်းကိုပါ သတ်ဖြတ်ခဲ့ပြန်ပါတယ်။ နောက်ထပ် လူ ၆ ယောက်လောက်လည်း ဆေးရုံမှာ ကုသမှုတွေ ခံယူနေရပါတယ်။
ဝန်ကြီးချုပ် ဒရစ်တန် အက်ဘာဇိုဗစ်က ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝမ်းနည်းကြေကွဲမှု ကာလ ၃ ရက် သတ်မှတ်ကြောင်း ကြေညာပါတယ်။ သူက မဖြစ်သင့်ဘဲ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူ အားလုံးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို ဖိတ်ခေါ်ပြီး တွေ့ဆုံ နှိမ်သိမ့်လိုတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။
ဆီတင်ဂျီဟာ မွန်တီနီဂရိုးရဲ့ အရင် ဘုရင်အုပ်စိုးစဉ် ခေတ်တုန်းက တော်ဝင်မြို့တော် ဖြစ်ခဲ့ဖူးပြီး လက်ရှိ မြို့တော်သစ် ပေါ့ဒ်ဂိုရီကာနဲ့ ၂၂ မိုင်လောက်အကွာ တောင်ကြားဧရိယာ တစ်ခုမှာ တည်ရှိနေပါတယ်။
