ဘဏ်တစ်ခုကို လက်နက်ကိုင် ဝင်ရောက်လာပြီး ဓားစာခံ တစ်ဦးကို ၆ နာရီကျော် ဖမ်းဆီးထားခဲ့တဲ့ အမျိုးသား တစ်ဦးကို ပြည်သူတွေက သူရဲကောင်း တစ်ယောက်အဖြစ် ချီးကျူး ဂုဏ်ပြုနေကြပါတယ်။
ဒေသခံ မီဒီယာတွေမှာ နာမည် ဖော်မပြသေးတဲ့ အမျိုးသားဟာ ဘဏ်ထဲက သူ့ပိုက်ဆံတွေ ပြန်ထုတ်ချင်လို့ လက်နက်ကိုင်ရတဲ့ အဆင့်ထိ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန်မှာ စီးပွားရေး ကျပ်တည်းမှုတွေကြောင့် ပြည်သူတွေဟာ ဘဏ်က ကိုယ်ပိုင်စုငွေတွေကိုတောင် အကန့်အသတ်နဲ့သာ ပြန်ထုတ်ခွင့် ရှိနေကြပါတယ်။
ဩဂုတ် ၁၁ ရက်မှာတော့ ဘေရွတ်မှာရှိတဲ့ ဘဏ်တစ်ခုထဲကို လူတစ်ယောက်က ရိုင်ဖယ်သေနတ် ကိုင်ဆောင်ပြီး ဝင်လာခဲ့ပါတယ်။ သူက ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ခဲ့ပြီး ဘဏ်ထဲမှာလည်း ဓာတ်ဆီတွေ လျှောက်လောင်းလိုက်ပါတယ်။ နောက်တော့ ဓားစာခံ တစ်ဦးကိုလည်း ၆ နာရီကြာ ဖမ်းဆီးထားလိုက်ပါတယ်။
အစောပိုင်းမှာ ဒီဖြစ်စဉ်ဟာ ဘဏ်ဓားပြမှုလို့ သတင်းတွေ ထွက်လာပေမယ့် နောက်တော့မှ အဲဒီ အမျိုးသားဟာ ဘဏ်ထဲက သူ့ပိုက်ဆံ တချို့ကိုသာ ပြန်လည် တောင်းဆိုခဲ့တာလို့ အတည်ပြုနိုင်ခဲ့ပါတယ်။ သူဟာ ဆေးရုံစရိတ်လိုလို့ ငွေပြန်ထုတ်ဖို့ ကြိုးစားခဲ့တာလို့ လက်ဘနွန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ရဲတွေနဲ့ သေနတ်သမားတို့ကြား ညှိနှိုင်းခဲ့ပြီး သွေးထွက်သံယို ကိစ္စမျိုး မရှိဘဲ သဘောတူညီမှု ရရှိခဲ့ပါတယ်။ အဲဒီ အမျိုးသားဟာ သူ့ဘဏ်စာရင်းထဲက ဒေါ်လာ ၃၅၀၀၀ လောက်ကို ပြန်ထုတ်ယူခွင့် ရသွားခဲ့တယ်လို့ LBC TV သတင်းအရ သိရပါတယ်။
ဟမ်ရာလမ်းက အစိုးရဘဏ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာအပြီး သေနတ်သမားရော၊ လက်နက်ကိုင်ကိုပါ ရဲတွေက ခေါ်ထုတ်သွားခဲ့ပါတယ်။ သေနတ်သမားဟာ စွဲချက်တစ်ခုခုနဲ့ ရင်ဆိုင်ရမလား ဆိုတာကိုတော့ ရဲတပ်ဖွဲ့က ဘာမှတ်ချက်မှ မပေးသေးပါဘူး။
လူမှုကွန်ရက် မီဒီယာတွေပေါ်မှာတော့ ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ ပြည်သူ အများစုက သောင်းသောင်းဖြဖြ ထောက်ခံ အားပေးနေကြတာ တွေ့ရပါတယ်။ သူ့ကို သူရဲကောင်း တစ်ဦးလို့ ညွှန်းဆိုရေးသားမှုတွေလည်း အများအပြား ရှိနေပါတယ်။
သတင်းတွေအရ သေနတ်သမားရဲ့ မိသားစုဝင်တချို့ ဆေးရုံတက်နေရပြီး ငွေကြေး အရမ်းလိုအပ်နေပါတယ်။ သူ့ညီမှာ ဘဏ်စုငွေ ဒေါ်လာ ၂၁၀၀၀၀ လောက် ရှိနေတဲ့ထဲက ဒေါ်လာ ၅၅၀၀ လောက် ပြန်ထုတ်ချင်တာတောင် ထုတ်လို့ မရခဲ့ကြောင်း၊ ဒီငွေတွေကလည်း ဆေးရုံစရိတ် ပေးချေဖို့သာ ဖြစ်ကြောင်း၊ ဘဏ်စာရင်းထဲက ငွေပြန်ထုတ်လို့ မရတာကြောင့်လည်း အခုလိုတွေ ကြုံရတာဖြစ်ကြောင်း နေ့ချင်းညချင်း လူကြိုက်များသူတစ်ယောက် ဖြစ်လာသူရဲ့ အစ်ကိုက ရှင်းပြပါတယ်။
ပြဿနာ ဖြစ်နေချိန် တလျှောက်လုံး ဘဏ်အပြင်ဖက်မှာ ရှိနေတဲ့ သူ့အစ်ကိုရော၊ သူ့ဇနီးကပါ လူတိုင်းလူတိုင်း ကိုယ့်ရပိုင်ခွင့် ကိုယ်ပြန်ယူဖို့ ဒီနည်းလမ်းမျိုး သုံးသင့်ရင် သုံးရမယ်လို့လည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
၂၀၁၉ ကစလို့ လက်ဘနွန်မှာ ပြည်သူလုထုရဲ့ ဘဏ်အပ်ငွေတွေ ပြန်လည် ထုတ်ယူခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ချက်တွေ ပြဋ္ဌာန်းခဲ့တဲ့ အစိုးရ မူဝါဒအပေါ် ဒေါသတကြီး ရှုတ်ချမှုတွေ ရှိနေပါတယ်။ လက်ဘနွန်ဟာ မျက်မှောက်ခေတ်ရဲ့ စီးပွားရေး အကျပ်တည်းဆုံး နိုင်ငံတစ်ခုအဖြစ်လည်း သတ်မှတ် ခံထားရပါတယ်။ လက်ဘနွန်ရဲ့ စီးပွားရေး ယိမ်းယိုင်မှုတွေကြောင့် လူနေမှုဘဝ အခက်အခဲတွေ ရင်ဆိုင်နေရပြီး ဂျုံနဲ့ ဆေးဝါး ပြတ်တောက်မှုတွေပါ ကြုံနေရကြောင်းလည်း သိရပါတယ်။
