တန်ဆောင်မုန်းလပြည့်နေ့ ယနေ့တွင်ရန်ကုန်မြို့ရှိ ဘုရားများသို့သွားရောက်သူများပြားခဲ့သည်။
ရွှေတိဂုံဘုရား၌ ယနေ့နံနက်ကတည်းက ဘုရားဖူးလာရောက်သူများပြားခဲ့ပြီး ည ၇နာရီအချိန်ခန့်အထိ ရင်ပြင်တော်၌ ဘုရားဖူးတော်တော်များများတွေ့ခဲ့ရသည်။
ည ၆နာရီခွဲခန့်တွင် ရွှေတိဂုံဘုရား ပြန်ကြားရေးအဖွဲ့က တန်ဆောင်မုန်းလပြည့်နေ့တွင် အခြားနေရာတစ်ခုမှ မီးရှူးမီးပန်းများဖောက်မည့် အစီအစဉ်ရှိသောကြောင့် မလန့်ရန် ကြေညာခဲ့သည်။
ထို့နောက် ည ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်မှ မီးရှုးမီးပန်းများ ဆယ်မိနစ်ခန့် ဆက်တိုက်ဖောက်ခဲ့သည်။
ရွှေတိဂုံဘုရားကဲ့သို့ပင် ဗိုလ်တထောင်ဘုရားတွင်လည်း စတုဒီသာအစီအစဉ်များရှိသောကြောင့် စီတန်းနေသည့် ဘုရားဖူးအများအပြားတွေ့ခဲ့ရသည်။
ယင်းဘုရားတွင် စစ်ကောင်စီလက်အောက်ခံရုပ်သံလိုင်း ရွှေသံလွင်မီဒီယာက စတုဒီသာအလှူပြုလုပ်သည်ကိုတွေ့ခဲ့ရသည်။
ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရား၌ ဆီမီး ၅၀၀၀ ပူဇော်ပွဲပပြုလုပ်ရန် စီစဉ်နေသည်ကိုတွေ့ရပြီး ဘုရားဖူး ခပ်ကျဲကျဲသာတွေ့ခဲ့ရသည်။
