◾️ဝန်ကြီးချုပ်သက်တမ်း ၄၅ ရက်အကြာမှာ ရာထူးက နှုတ်ထွက်ဖို့ ကြောညာလိုက်တာပါ
ရာထူးက နုတ်ထွက်တော့မယ်လို့ အတည်ပြု ကြေညာလိုက်တဲ့နောက် လစ်ဇ်ထရက်စ်ဟာ ဗြိတိန်ရဲ့ သက်တမ်း အတိုဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့က ထရက်စ်ဟာ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်တော်ရှေ့မှာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြု ကြေညာခဲ့ပါတယ်။ သူဟာ အပ်နှင်းထားတဲ့ တာဝန် ဝတ္တရားတွေကို ကျေပြွန်အောင် ဆောင်ရွက်နိုင်စွမ်း မရှိလို့ ရာထူးက နုတ်ထွက်တော့မယ်လို့ ထရက်စ်က ပြောပါတယ်။
ဗြိတိန် ဘုရင်မကြီး မကွယ်လွန်မီ တစ်ရက်လောက်ကမှ ဝန်ကြီးချုပ် ဖြစ်လာတဲ့ ထရက်စ်ဟာ ၄၅ ရက် အကြာမှာ ရာထူးက ထွက်ခွာတော့မယ့် အဓိပ္ပါယ်ပါပဲ။ သူ့ရဲ့ နုတ်ထွက်စာကို ချားလ်စ်ဘုရင်ဆီ ပေးပို့ထားပြီလို့လည်း ထရက်စ်က ဆိုပါတယ်။
ထရက်စ်ဟာ ဝန်ကြီးချုပ်သက်တမ်း ခပ်တိုတို အတွင်းမှာတင် အရှုပ်အထွေး ပေါင်းစုံနဲ့ ကြုံခဲ့ရပါတယ်။ သူ့ရဲ့ မူဝါဒတွေက အငြင်းပွားစရာတွေ ဖြစ်လာသလို အာဏာရ ကွန်ဆာဗေးတစ် ပါတီထဲမှာလည်း ထရက်စ်ကို နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ အမတ် အရေအတွက်က ဆက်တိုက် တိုးပွားလာပါတယ်။ ထရက်စ်ဟာ စျေးကွက်ထဲမှာ ဂယက်ထစေတဲ့ ဘဏ္ဍာရေး အစီအမံတွေကို အကြောင်းပြုပြီး သူကိုယ်တိုင် ခန့်အပ်ထားတဲ့ ဘဏ္ဍာရေး ဝန်ကြီးကို ရာထူးက ထုတ်ပယ်ခဲ့ရပါတယ်။ နောက်တော့ ထရက်စ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ ပြည်ထဲရေး ဝန်ကြီး ဆူလာ ဘရေဗာမန်းကလည်း ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုအပေါ် အယုံအကြည် မရှိကြောင်း အတိအလင်း ဝေဖန်ပြီး နုတ်ထွက်သွားတဲ့အခါ ထရက်စ်အတွက် လုံးဝဥဿုံ လမ်းပျောက်သွားပါတော့တယ်။
ထရက်စ်ဟာ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် အဖြစ်က နုတ်ထွက်ခဲ့ပြီး ဒီအခြေအနေက ဝန်ကြီးချုပ် ရာထူးကိုပါ စွန့်လွှတ်တဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲတွေ များခဲ့ပြီး နိုင်ငံရေးအရ မတည်မငြိမ် ဖြစ်ခဲ့တဲ့ ကွန်ဆာဗေးတစ် ပါတီအတွက်တော့ နောက်ထပ် ဆိုးရွားတဲ့ ထိုးနှက်ချက်မျိုး ကြုံလာရတာ ဖြစ်ပါတယ်။
ထရက်စ်က ပါတီ ခေါင်းဆောင်သစ်ကို မဲပေးရွေးချယ်မယ့် လုပ်ငန်းစဉ်တွေဟာ လာမယ့် သီတင်းပတ်ထဲမှာ အောင်မြင် ပြီးစီးမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဖြစ်နိုင်ခြေ နည်းပေမယ့် သူ့မတိုင်ခင် ရာထူးက နုတ်ထွက်ခဲ့တဲ့ ဘောရစ်ဂျွန်ဆန်က ပါတီခေါင်းဆောင် နေရာအတွက် တကျော့ပြန် ယှဉ်ပြိုင်လာနိုင်ခြေ ရှိနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
