နေအိမ်ကိုပူပူနွေးနွေးဆုံးရှုံးထားကြသူတွေဖြစ်ပေမယ့် ရွာသူ၊ ရွာသားတွေဟာ ပုံမှန်နေ့စဥ်ဘဝ ရုန်းကန်သွားလာ လှုပ်ရှားနေကြတာပါပဲ။
ဒီရွာလေးက ပခုက္ကူမြို့နယ်အတွင်းက ရွာလေးတစ်ရွာဖြစ်ပါတယ်။ အဲဒီရွာကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကမှ စစ်ကောင်စီတပ်တွေ မီးရှို့သွားခဲ့တာပါ။ နေအိမ် ၆၀ ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီးတော့ မီးလောင်ပြင်သာသာပဲ ကျန်ခဲ့တော့တာဖြစ်ပါတယ်။
အဲဒီနေအိမ်ပေါင်း ၆၀ အနက် မိသားစုခြောက် ယောက်အတူတူနေခဲ့ရာ အိမ်ကြီးတစ်အိမ်လုံးမီးလောင်ပျက်ဆီးသွားခဲ့တဲ့အပြင် ကားပါမီးရှို့ခံခဲ့ရတဲ့ ရွာခံအမျိုးသမီးက အခုလိုပြောပါတယ်။
“ကားနဲ့တွက်ကြည့်ရင် ကားက တစ်ထောင်လောက် အခုပေါက်ဈေးနဲ့ တန်တာပေါ့။ ဆိုင်က ဘာမှမကျန်သလောက်ပဲ။ အခုဒီအိမ်ပဲကျန်တယ်။ “
ဩဂုတ် ၁၅ ရက်က စစ်ကောင်စီတပ်တွေက အင်အား ၈၀ လောက်နဲ့ရွာထဲဝင်လာတာဖြစ်ပြီးတော့ ၁၆ ရက် မနက်မှာမှ ရွာကိုမီးရှို့သွားခဲ့တာပါ။
အဲဒီအချိန်မှာ သူ့လိုအမျိုးသမီးနဲ့ကလေးတွေက ရွာကနေထွက်ပြီးနှင့်ကြပြီလို့ သူမက အခုလိုရှင်းပြပါတယ်။
“ပိတောက်ကုန်းကနေလာတာ။ ဒီဘက်ကိုဆင်းမယ်ကြားတာ။ကျွန်မတို့ကလည်း ဒီဘက်ကိုမဆင်းလောက်ဘူးထင်ပြီး ဘာမှပြင်ဆင်မထားဘူး။လူကြီးတွေ ကလေးတွေနဲ့ ကျွန်မတို့ကို ကားနဲ့ ပို့ထားတာ။ကားကလည်း လေး ငါး ခြောက်ယောက်ပဲဆံ့တော့ ဘာမှမပါဘူး”
စျေးဆိုင်လေးဖွင့်ထားတာဖြစ်လို့ ဆိုင်ထဲကပစ္စည်းတွေပါမီးထဲအကုန်ပါသွားတာပါ။
အခုတော့ သူတို့မိသားစု ရွာကို ပြန်ရောက်ခဲ့ပါပြီ။ မီးလောင်ပြင်အိမ်ဟောက်ပက်ကြီးက သူတို့ကို ဆီးကြိုနေခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ထိုင်းပြီး ဝမ်းနည်းပူဆွေးနေလို့မရ။ အိမ်နဘေးမှာ အဖီလေးထိုးပြီး အရင်လိုဆိုင်ကြီးကနားကြီးမဟုတ်ပေမယ့် ဆိုင်သေးလေးတစ်ဆိုင်တော့ မဖြစ်ဖြစ်အောင်ပြန်တည်ခဲ့ကြပါတယ်။
ဒီအဖီသာသာဒီအိမ်ဆိုင်လေးဆောက်ဖို့ အခင်းအကာတွေဘယ်လိုရခဲ့သလဲဆိုတတာကို သူမက အခုလိုပြောပြပါတယ်။
“ရွာတွေက သက်ကယ်တို့ ဝါးတို့ လှူတာတွေ အဲဒါတွေနဲ့နေဖြစ်အောင်ဆောက်တယ်။ တော်တော်များများ ဆောက်ပြီး နေကြထိုင်ကြတာ။ အငှားအရမ်းလေးတွေနဲ့။ ကျွန်မတို့ကတော့ ဈေးလေးပြန်စတာ။ ဘာမှမကျန်တော့ ပြန်ရင်းထားရတာ။”
စစ်ကောင်စီတပ်တွေဟာသြဂုတ်လ ဒုတိယပတ်ထဲကစလို့ ပခုက္ကူမြို့နယ်ထဲကကျေးရွာတွေကို မီးဆက်တက်ရှို့နေခဲ့တာလို့ အဲဒီအနီးတစ်ဝိုက်ကျေးရွာတွေက ရွာခံတွေကပြောပါတယ်။
ကျေးရွာတွေမှာ ကာကွယ်ရေးအဖွဲ့တွေရှိပေမယ့်လည်း စစ်ကောင်စီအင်အားများတာကြောင့် ထိပ်တိုက်ရင်မဆိုင်နိုင်ခဲ့ဘူးလို့ရွာခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ရွာတွေကို မဝင်ခင် သေနတ်ပစ်ဖောက်ခြောက်လှန့်လေ့ရှိပြီး ရွာကလူတွေမရှိတော့ရင် အိမ်တွေကိုဝင်ပြီး ပစ္စည်းတွေယူကြသလို မီးလည်းရို့သွားကြသေးတယ်လို့ မီးရှို့ခံခဲ့ရတဲ့ရွာတစ်ရွာက အမျိုးသားကပြောပြပါတယ်။
ရွာတွေကို ပထမဆုံး ခြောက်လှန့်ပြီးမှ လူတွေထွက်ပြေးကြပြီဆိုရင် စိတ်ကြိုက်ဝင်မွှေပြီး ပစ္စည်းတွေသယ်၊ အိမ်တွေကို မီးလိုက်ရှို့ကြတာလို့ အဲဒီအမျိုးသားကပြောပါတယ်။
