ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီသည် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံကိုယ်စားပြုနေရာအတွက် စစ်ကောင်စီကို ထပ်မံပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အတွင်းသိသံတမန်နှစ်ဦးကယမန်နေ့(ဗုဒ္ဓဟူး)တွင်ပြောသည်။
အထွေထွေညီလာခံ၏ Credentials committee သည် ပြီးခဲ့သည့် တနလ်ာနေ့တွင် တွေ့ဆုံခဲ့ကြပြီးမြန်မာစစ်ကောင်စီ၏အဆိုပြုချက်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း အမည်မဖော်လိုသည့်သံတမန်များကပြောသည်။ သံတမန်များသည် ယခုသီတင်းပတ်နှောင်းပိုင်းတွင်ယင်းအကြောင်း
အရာကို တရားဝင်ကြေညာမှု မပြုမီ အမည်ဖော်ကာ မပြောလိုခြင်း ဖြစ်သည်။
ဆုံးဖြတ်ချက်အဓိပ္ပာယ်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖယ်ရှားချိန်တွင် ကုလသမဂ္ဂ၌ မြန်မာသံအမတ်ကြီးအဖြစ်ရှိခဲ့သူ ဦးကျော်မိုးထွန်းက သံအမတ်ကြီးအဖြစ် ဆက်လက်တာ၀န်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။
ယမန်နှစ် ဒီဇင်ဘာတွင် မြန်မာစစ်တပ်အုပ်ချုပ်သူများက ယခင်အစိုးရနှင့်စစ်ကောင်စီကိုဆန့်ကျင်သည့်အတိုက်အခံအမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံသူသံအမတ်ကြီး ဦးကျော်မိုးထွန်းကို နေရာမှဖယ်ရှားရန် ကြိုးပမ်းမှုတွင် ကျဆုံးခဲ့ရပြီးဖြစ်သည်။
လန်ဒန်မြို့အခြေစိုက် မြန်မာတာ၀န်ခံမှုရှိရေးအဖွဲ့(Myanmar Accountability Project)ဒါရိုက်တာခရစ်ဂန်းနက်စ်( Chris Gunness )က အရည်အချင်းစစ်ကော်မတီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး တရားမဝင်အာဏာသိမ်းခေါင်းဆောင်များက နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေချိန်တွင် ယခုဆုံးဖြတ်ချက်မှာ ကြီးမားသည့်သံတမန်ရေးစွမ်းဆောင်မှုနှင့် အလွန်အရေးပါသည့်ခြေလှမ်း ဖြစ်ကြောင်း ပြောသည်။
“ကမ္ဘောဒီးယားမှာပိုပေါ့ရဲ့ခမာနီရက်စက်ကြမ်းကြုတ်မှုနောက်ပိုင်း အရှေ့တောင်အာရှမှာ မဖြစ်ဖူးတဲ့အတိုင်းအတာနဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ရက်စက်မှုတွေ ကျူးလွန်ခဲ့ပါတယ်” ဟုဂန်းနက်စ်ကထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တာ၀န်ခံမှုရှိရေးအဖွဲ့(Accountability Project)တာ၀န်ရှိသူ Damian Lilly ကလည်း ကုလသမဂ္ဂအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ကုလသမဂ္ဂ၏အဖွဲ့အစည်းအားလုံးတွင် ကိုယ်စားပြုခွင့်ပေးရန် တိုက်တွန်းသည်။
“လက်ရှိမှာ ဆိုးရွားတဲ့ ရှေ့နောက်မညီညွတ်တာတွေရှိနေတယ်” ဟု Damian Lilly က ပြောသည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသည့် အထွေထွေညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းရှိသော်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ လစ်လပ်နေမှုကို Lilly က ထောက်ပြခြင်းဖြစ်သည်။
(ကိုးကား- The Washington Post)
