ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် အတွင်း စစ်ကောင်စီတပ်နဲ့တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဦးရေဟာ ၁၄၀၀ ကျော်ထိ ရှိလာပြီနေလို့ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ဒီလူဦးရေစာရင်းဟာ ဒီဇင်ဘာလ ၇ ရက်ကနေ ဒီဇင်ဘာလ ၁၄ ရက်အတွင်းကောက်ယူထားတဲ့စာရင်းဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေဟာ နမ့်ဆန်မြို့ပေါ်ကိုထွက်ပြေးလာတာဖြစ်ပြီး အိမ်ထောင်စု ၄၀၀ နီးပါးရှိပါတယ်။
လက်ရှိ ဒီဇင်ဘာလဆန်းပိုင်းကစပြီး TNLA တပ်မဟာ (၂ ) စစ်ဒေသ ၊နမ့်ဆန်မြို့နယ် ၊ကုန်းသာရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA ကြား တိုက်ပွဲတွေပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကို ဒါဇင်နဲ့ချီပြီး ပြုလုပ်ခဲ့တယ်လို့ TNLA ဘက်ကသတင်းထုတ်ထားပါတယ်။
တိုက်ပွဲတွေကြောင့် နမ့်ဆန်မြို့နယ်အတွင်းက စစ်ဘေးရှောင်လာရတဲ့ပြည်သူတွေဟာ ကုန်းသာ၊ မန်လုံး၊ ဟူးမန်း၊ ဆာမ်ငမ်၊ ပန်အလောက်နဲ့ ပိန်းလုံကျေးရွာတွေ က ဒေသခံတွေဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်းသာရွာဟာ အိမ်ခြေ ၅၀ ခန့် ပျက်စီးသွားတယ်လို့သိရပါတယ်။
နမ့်ဆန်မြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ၊ အစား အသောက်၊ စောင်နဲ့ အဝတ်အထည်တို့ အဓိကလိုအပ်ချက်ရှိနေပါတယ်။
