▪︎စစ်ကောင်စီကို နောက်တစ်ကြိမ်အရှိုက်ထိုးလိုက်ခြင်းဖြစ်ဟု NUG ၀န်ကြီးပြော
ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)သည်မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်ခန့်အပ်ထားရှိမည့် အရည်အချင်းစစ်ကော်မတီ(Credentials Committee)၏အစီရင်ခံစာကိုလာမည့်သောကြာ(ဒီဇင်ဘာ ၁၆ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်း၌အတည်ပြုမည်ဟုသိရသည်။
လက်ရှိတွင်Credentials Committee ကအဖွဲ့ဝင်၉နိုင်ငံစလုံး၏ သဘောတူညီချက်(consensus)ဖြင့်ကော်မတီ၏အစီရင်ခံစာကို ဆုံးဖြတ်ခဲ့ပြီး ကော်မတီ၏ အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေညီလာခံသို့ ဆက်လက်တင်သွင်းမည်ဖြစ်သည်။
စစ်ကောင်စီကအဆိုပြုတင်သွင်းသောသံအမတ်ကြီးကိုကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီကပယ်ချကာမြန်မာပြည်သူများနှင့်ရပ်တည်သောဒီမိုကရေစီဘက်တော်သားဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ခြင်းကမြန်မာပြည်သူများအတွက်များစွာအကျိုးရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
“အကြမ်းဖက်စစ်ကောင်စီကို နောက်ထပ်တကြိမ် အရှိုက်ကို လက်သီးနဲ့ထိုးလိုက်တာဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ကတည်းကဒီနေရာကို အကြမ်းဖက်စစ်ကောင်စီက အစားထိုးဝင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အခုအချိန်အထိ သူတို့မအောင်မြင်ခဲ့ဘူး။ ဦးကျော်မိုးထွန်းက ပြည်သူ့ဘက်တော်သား၊ ဒီမိုကရေစီဘက်တော်သား၊ NUG ကို ကိုယ်စားပြုပြီးတော့ ပြည်သူတွေရဲ့ အသံကို တင်ပြတယ်။ လူ့အခွင့်အရေးအခြေအနေတွေကို ဖော်ပြတာဖြစ်တဲ့အတွက်ကြောင့် သူရှိနေခြင်းကြောင့် မြန်မာနိုင်ငံရဲ့ ဆက်လက်ဆိုးရွားနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ ပြောဆိုနိုင်မယ့်အခွင့်အလမ်းကို သူက ရရှိသွားတယ်။ နိုင်ငံတကာအသိုင်းအဝန်းတွေကြားမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်တော့မှ မမေ့ပျောက်ဖို့၊ ဒီဖက်ပို မို ထိရောက်ပြီး လုပ်ဆောင်နိုင်တာတွေ တိုက်တွန်းနိုင်တာက မြန်မာပြည်သူတွေအတွက်အများကြီး အကျိုးရှိပါတယ်” ဟုဝန်ကြီးဦးအောင်မျိုးမင်းကဆိုသည်။
ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးနေရာကို ဦးကျော်မိုးထွန်း ဆက်လက်ရရှိခြင်းကသံတမန်ရေးအရ တော်လှန်ရေးအတွက်အောင်မြင်မှုဖြစ်ပြီးနိုင်ငံတကာအနေဖြင့်မြန်မာ့အရေးအပေါ် ပိုမို အာရုံစိုက်၊ ဂရုပြုလာသည့်သဘောဖြစ်ကြောင်း ပြည်တွင်းအခြေစိုက်နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးကသုံးသပ်သည်။
“စစ်ကောင်စီကို ပြောင်ပြောင်းတင်းတင်းပဲ နိုင်ငံတကာအသိုင်းအဝန်းက လက်မခံဘူးဆိုတာကိုပြသလိုက်တာလည်းဖြစ်မယ်။အမေရိကန်ကလည်းNDAAမှာကအစဘတ်ဂျက်ကိုထည့်သွင်းပြီးတွန်းလာတာမို့ လာမယ့်နှစ်ဟာ တော်လှန်ရေးအရှိန်အဟုန်ရော အောင်မြင်မှုအတွက်ပါ ဘက်ပေါင်းစုံကနေ အားဖြစ်စေတယ်လို့မြင်မိတယ်။ နှစ်နှစ်အတွင်း အန်ယူဂျီအနေနဲ့ သံခင်းတမန်ခင်းမှာထူးခြားတဲ့တိုးတက်မှုကို လုပ်နိုင်ခဲ့တာလို့ အသိအမှတ်ပြုရမှာဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံရေးစာရေးဆရာ ကိုမင်းသေ့ကလည်းကုလသမဂ္ဂအနေဖြင့်မြန်မာပြည်သူလူထုကိုလျစ်လျူရှူမထားကြောင်း၊စောင့်ကြည့်နေကြောင်းကို ပြသရာရောက်ပြီး နွေဦးတော်လှန်ရေး ဘက်တော်သားများ၊ မြန်မာပြည်သူလူထုအတွက် တစုံတရာအသိအမှတ်ပြုမှုပေးခြင်းဖြစ်ကာ NUG ၏ ကိုယ်စားလှယ်တစ်ဦးကို ကမ္ဘာ့ပလက်ဖောင်းပေါ်တွင်နေရာဆက်လက်ထားပေးသည့်သဘောဟုမှတ်ချက်ပြုသည်။
“စစ်တပ်ကကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကိုနိုင်ငံတကာအသိုင်းအဝန်းသိအောင် ဦးကျော်မိုးထွန်းကနေ တဆင့် ကျွန်တော်တို့ ပြည်သူလူထုရဲ့သဘောထားတွေ၊ပြည်သူလူထုရဲ့ နစ်နာမှုတွေကို အမြဲတမ်းအချိန်နဲ့တပြေးညီ report လုပ်နိုင်မယ်။ အစီရင်ခံနိုင်မယ်။ အသံတွေ လွှင့်နိုင်မယ်။ အသံတွေကို နိုင်ငံတကာသိအောင် ပြန်ကြားနိုင်အောင် တကယ့် key person တစ်ယောက်အဖြစ် ကျွန်တော်တို့ ခိုင်ခိုင်မာမာရရှိထားတယ်လို့ ပြောနိုင်မယ်” ဟု ၎င်းက ဆက်ပြောသည်။
