မန္တလေးမြို့တွင် ဆိုင်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခွင့်ပြုထားသည့် Zeus Club ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Annoymous Force MDY မှ တာဝန်ရှိသူကပြောသည်။
“မူးယစ်ဆေးကိုရောင်းတာက သူတို့ရော ရှယ်ယာဗျ။ ပြီးတော့ အသုံးပြုခွင့်ပေးထားတာတွေကလည်း ကျွန်တော်တို့ ကိုယ်တိုင်စစ်ဆေးပြီးပြီ”ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မဟာမိတ်အဖွဲ့များဖြစ်သည့် NGU:FF မြေခွေးတပ်ဖွဲ့ ၊ VOMDY -Front Warrior ၊ Truth Keeping Force တို့နှင့်အတူ ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၁၂နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သွပ်အကာတွေ အကုန်ပွင့်ထွက်သွားပြီး လူထိခိုက်မှုရှိတယ်တော့ကြားတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ပြည်သူများထိခိုက်မှုမရှိစေရန် နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ပြောသည်။
Zeus Club သည် မန္တလေးမြို့ ၅၅×၃၀(ဘီ) လမ်းတွင်ရှိပြီး နေ့စဉ်ပိတ်ရက်မရှိဖွင့်လှစ်ကာ ပျော်ပွဲရွှင်ပွဲများပြုလုပ်နေသည့်ဆိုင် ဖြစ်သည်။
Annoymous Force MDY သည် မန္တလေးမြို့ရှိ Bar ၊ Clubများကို ယခင်ကလည်းသတိပေးခဲ့ပြီး တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
