စစ်ကောင်စီအဆိုပြုသံအမတ်ကို ကုလသမဂ္ဂ ပယ်ချ
ကုလသမဂ္ဂသည် မြန်မာစစ်ကောင်စီအဆိုပြုသည့် သံအမတ်ကို ပယ်ချခဲ့ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်လိုက်ကြောင်း NUG သတင်းဌာန PVTV က ဖော်ပြသည်။
ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂအစည်းအဝေးအတွင်း ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ(UN Credentials Committee)က မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို နောက်ထပ်တစ်နှစ်ဆက်လက်ထားရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Credentials Committee က အတည်ပြုကြေညာချက် မထွက်ပေါ်မီအထိ တရားဝင်မပြောဆိုလိုသော်လည်း ၎င်းကို ဆက်လက်ခန့်အပ်ကြောင်း သဘောတူထားသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA အင်္ဂလိပ်ပိုင်းကိုပြောကြားထားသည်။
အစောပိုင်းကတည်းက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် ရုရှားမှလွဲ၍ Credentials Committee အတွင်းသဘောတူညီမှုရရှိခဲ့ကြောင်း၊ သဘောတူညီချက်ကို ရုရှားက ဖျက်ဆီးမည်ကိုစိုးရိမ်သဖြင့် နှောင့်နှေးနေခြင်းဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို NLD အရပ်သားအစိုးရက ခန့်အပ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်တွင် သံအမတ်ကြီးက မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်ခဲ့သည်။
ထိုသို့ရပ်တည်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီက သံအမတ်ကြီးကို ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သော်လည်း ကုလသမဂ္ဂက လက်ရှိအချိန်အထိ မြန်မာကိုယ်စားပြု ထိုင်ခုံကို သံအမတ်ကြီးကို ဦးကျော်မိုးထွန်းကို ခန့်အပ်အတည်ပြုထားသည်။
