စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၏ ဝမ်ပေါင်ကုမ္ပဏီ၌ ကင်းစောင့်ပေးနေသော စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူ များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဒီဇင်ဘာ ၁၂ရက်) နံနက်ပိုင်းက ဝမ်ပေါင်ကုမ္ပဏီဝင်းရှိ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးလာ၍ မုံရွာ – ပုသိမ်လမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ၅/Fundrasing Teamက ဖော်ပြသည်။


“အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေပါတယ်။”ဟု ၅/Fundrasing Teamက ဆိုသည်။
ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ ပုသိမ်-မုံရွာလမ်း ယမားချောင်းတံတားတောင်ဘက်တွင် စစ်ကားအကြီး လေးစီး၊ ရွှေတောင်ဦးကုန်းတွင် သုံးစီးရောက်ရှိနေ၍ ပြည်သူများအနေဖြင့် ပုသိမ်-မုံရွာလမ်းပိုင်းအသုံးမပြုကြရန် နယ်စည်းမခြား ဇာမဏီပျောက်ကြားတပ်ဖွဲ့က ဗိုလ်စံဖဲက သတိပေးသည်။

ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းရှိ စစ်ကောင်စီတပ်သည် ကြေးနီစီမံကိန်းဝန်းကျင်ကျေးရွာများအား မကြာခဏဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။
