ယခင်စစ်ကြောင်းက မီးမရှို့၍ နောက်ထပ်စစ်ကြောင်းထပ်ပို့ပြီး မီးလောင်ပြင်ဖြစ်အောင် ရွာစဉ်ပတ် မီးရှို့သွားဟုဆို
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှ ကျေးရွာ ၂၁ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်သွားရာ နေအိမ် တစ်ထောင်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထီးချိုင့်ဒေသခံက ပြောသည်။
တပ်မ (၈၈)လက်အောက်ခံ စစ်ကောင်စီတပ်စစ်ကြောင်းသည် နိုဝင်ဘာ ၁၃ရက်မှစ၍ ထီးချိုင့်နယ်သို့ ဝင်ရောက်ကာ ရွာစဉ်ပတ် လိုက်လံမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အားလုံးပေါင်းကတော့ နိုဝင်ဘာ ၁၃ရက်နေ့ကနေစပြီးမနေ့ကအထိ အားလုံး ၂၁ ရွာဗျ။ အိမ် တစ်လုံးတို့၊ လေးလုံးတို့ ရှို့ခံရတဲ့ရွာတွေရောဆို အားလုံးပေါင်း ၂၃ရွာရှိတယ် သူတို့ မီးရှို့သွားတာ” ဟု ထီးချိုင့်ဒေသခံက ပြောသည်။




မီးရှို့မှုများ လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီတပ် သည် လတ်တလောတွင် စစ်ကြောင်း သုံးခုခွဲပြီး ကောလင်းနယ်စပ်၊ ထီးချိုင့်မြို့အနီးနှင့် ထီးချိုင့်မြို့တွင်း နေရာတို့၌ ရှိနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
“အရင်တုန်းက ထီးချိုင့်မြို့နယ်ကို ကျတဲ့ စစ်ကြောင်းက အဲဒီလို မီးမရှို့လို့ဆိုပြီး အထက် ကနေ အရေးယူတယ်လို့ သတင်းရရှိတယ်။ အဲဒါကြောင့် သူတို့မဖြစ်မနေဆင်းပြီး မီးလောင်ပြင်ဖြစ်အောင် မီးတွေလိုက်ပြီး ရှို့ရတယ်ဆိုပြီး သူတို့ဘက်က ပြောတယ်ဆိုတဲ့ စကားကို ရွာတွေမှာ ကျန်ခဲ့တဲ့ ဒေသခံတွေကနေတဆင့် ပြန်ပြီးသိရပါတယ်”ဟု ထီးချိုင့်ဒေသခံက ပြောသည်။
ယခင် ထီးချိုင့်နယ်သို့ ဝင်ရောက်ခဲ့သည် စစ်ကြောင်းကို ကျေးရွာများ မီးမရှို့၍ဟုဆိုကာ ရွှေဘိုရှိ တပ်ရင်း တစ်ခု၌ စစ်ဆေးနေသည်ဟု ကြားရကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ထီးချိုင့်ဒေသခံ များ၏ နေအိမ်၁ထောင်ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ စပါးကျီများ၊ လယ်ယာသုံးပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ထီးချိုင့်ဒေသခံက ပြောသည်။

“ပြည်သူတွေကို တကယ့် ကျနော်တို့ ဒေသတွေမှာ ကောက်သစ်ပေါ်ချိန်ကို အငတ်ဘေးတွေနဲ့ ကြုံအောင် ပြည်သူတွေ အတိဒုက္ခရောက်အောင် အတင်းလုပ်ဆောင်သွားတယ်လို့ မြင်ပါတယ်”ဟု ထီးချိုင့်ဒေသခံက ပြောသည်
စစ်ကောင်စီတပ်သည် နေအိမ်နှင့် စပါးကျီများ မီးရှို့သည့်အပြင် ကွင်းကြီးကျေးရွာနှင့် အင်းတိန်ကျေးရွာမှ အရပ်သား ၂ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံက ပြောသည်။
လတ်တလောတွင် ထီးချိုင့်၌ မီးဘေးသည့် ပြည်သူအများအပြား ဖြစ်ပေါ်လာ၍ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ထီးချိုင့်ဒေသခံက ပြောသည်။
