ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် CDM စစ်သည်တစ်ဦး၏ ဇနီးအတွက် မီးဖွားစရိတ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ကရင်နီ(ကယား)ပြည်နယ်၊ ဖရုဆိုမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ မတရားသောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်ရပ်တည်ကာ ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသော CDMတပ်ကြပ်ကြီးတစ်ဦး၏ ဇနီးသည်အတွက် မီးဖွားစားရိတ်အဖြစ် ကျပ် ၁၀သိန်းထောက်ပံ့ပေးခဲ့သည်ဟု ဖော်ပြသည်။
အဆိုပါ CDM တပ်ကြပ်ကြီးသည် ယခုနှစ် ဇန်နဝါရီ၁ရက်တွင် ပြည်သူ့ဘက်ရပ် တည်လာခြင်းဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့ဘက်ရပ်တည်လာမည့် တပ်သားနှင့်ရဲများကို လက်ကမ်းကြိုဆိုနေမည်ဖြစ်ပြီး လူသားလုံခြုံရေးဆိုင်ရာအကူအညီများ(Human Security)ပေးနိုင်ရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
