စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က PDFအဖွဲ့အယောင်ဆောင်ကာ ခရီးသွားပြည်သူများအား ခြိမ်းခြောက်ငွေတောင်းနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ရွှေဘို – မန္တလေးလမ်း၊ စိုင်နိုင်ကွေ့အနီးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သည် PDF ယူနီ ဖောင်းများ၊ PDF အများစုကိုင်ဆောင်သည့် M-22 သေနတ်များဖြင့် PDF အယောင်ဆောင်ကာ ငွေကြေးတောင်းခံနေခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၈ ရက်ကတည်းက ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းနေခြင်းဖြစ်ကြောင်း People’s Servant Revolution-Wetlet အဖွဲ့က အသိပေးသည်။
“ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး အယောင်ဆောင်ပုံဖျက် အခွန်ကောက်နေ့ခဲ့တာ ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ လေးရက်ရှိနေပါပြီ။ စကောက်ခံတဲ့နေ့က စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့ဘေးမှာ NLD အလံထောင်ခဲ့ကြပါသေးတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်က PDFအားပုံဖျက်သည့်အနေဖြင့် ငွေကြေးကောက်ခံနေသောကြောင့် ပြည်သူများ သတိပြုသွားလာကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။
