မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်၊ ထင်းဝင်း ရပ်ကွက်ရုံးရှေ့မှာ စစ်ကောင်စီတပ်သားတွေ ဗုံးနဲ့တိုက်ခိုက်ခံရပြီးနောက် ရပ်ကွက်ရုံးရှေ့ကို အသွားအလာပိတ်ပင်လိုက်ပါတယ်။
ထင်းဝင်းရပ်ကွက်ရုံးရှေ့မှာ ခြင်းခတ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ဟာ ဒီဇင်ဘာလ၅ ရက်ညနေပိုင်း ၅ နာရီခန့်မှာ ဗုံးနဲ့တိုက်ခိုက်ခံရတာပါ။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ ရပ်ကွက်ရုံးရှေ့ကိုအသွားအလာပိတ်လိုက်တယ်လို့ ရပ်ကွက်မှာနေထိုင်သူ အမျိုးသားတစ်ဦးကပြောပြပါတယ်။
“မနက်က အဲဘက်ကိုသွားဖို့ကိစ္စရှိတာ အစစ်ဆေးကြမ်းနေလို့ မသွားဖြစ်လိုက်ဘူး။ စစ်သားတွေ၊ ရဲတွေကောအပြည့်ချထားတာ” လို့ အဲဒီအမျိုးသားကပြောပါတယ်။
ဒီဇင်ဘာလ ၅ ရက်ညနေပိုင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ခံရတဲ့ ရပ်ကွက်ရုံးဟာဆိုရင် အမှတ် ၇ ရဲစခန်းနဲ့ မဟာအောင်မြေမြို့နယ် တရားရုံးကြားမှာ ရှိတယ်လို့ သိရပါတယ်။
