မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးအကျဉ်းချထားတဲ့ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံ ထောင်ဝင်စာ ပါဆယ်ပေးပို့တဲ့ပမာဏ ကန့်သတ်ခံလိုက်ရတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။
အရင်က ၂ ပတ် ၁ ကြိမ် ထောင်ဝင်စာ ပါဆယ် အထုပ် ၂ ထုပ် ပေးပို့ခွင့်ရခဲ့ပေမယ့် အခုလ ဒီဇင်ဘာလ လဆန်းပိုင်းကစတင်ပြီး ၁ကြိမ်ကို ပါဆယ် ၁ ထုပ်သာ ပို့ခွင့်ပေးတော့တာပါ။
ထောင်ဝင်စာပါဆယ်ပို့ခွင့်ပြုတဲ့ ပမာဏကို ကန့်သတ်လိုက်ပေမယ့် ဆေးဝါးပို့ခွင့်ကိုတော့ စစ်ကောင်စီက ဆက်ခွင့်ပြုထားတယ်လို့သိရပါတယ်။
အသက် ၇၀ အရွယ် သွေးကင်ဆာဝေဒနာသည် ဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းကတည်းက စစ်ကောင်စီက ဖမ်းဆီးထားတာပါ။
လက်ရှိမှာ အမှုပေါင်း ၉ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ်ချထားပါတယ်။
ဒါအပြင် ဒေါက်တာဇော်မြင့်မောင်ကို အကျဉ်းချထားရာ တိုက်ကနေ အဆောင်အပြင်ဘက် သွားလာတာကိုလည်း ထောင်အာဏာပိုင်တွေကကန့်သတ်လိုက်တယ်လို့သိရပါတယ်။
အိုးဘိုထောင်ထဲမှာ NLD မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေကိုစစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတာပါ။ အဲဒီအထဲက အချို့ကို ပြီးခဲ့တဲ့လပိုင်းက ပြန်လွှတ်တာတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် လူထုထောက်ခံမှုရှိတဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို တော့လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်ဘဲ ပုဒ်မထပ်တိုးကာ ဆက်ချုပ်ထားပါတယ်။
