▪︎စစ်ကူလားသူများကိုပါ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၄၀)ခန့် သေဟုဆို
လောင်းလုံးနယ် မောင်းမကန်ရဲစခန်းနှင့် ကရင်ကြီးရွာမှပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ဒီဇင်ဘာ ၄ ရက်နေ့ည ၈ နာရီခန့်က မောင်းမကန်ရဲစခန်းနှင့် ကရင်ကြီးရွာမှ ဦးလေးလေး၏ ပျူစောထီးစခန်းတို့ကို စစ်ကြောင်းများခွဲ၍ တစ်ချိန်းတည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ကားသုံးစီးပျက်စီးကာစစ်သား၊ရဲနှင့် ပျူစောထှး (၄၀) ဦးခန့် ထိခိုက်သေဆုံးသွားသည်ဟု ဖော်ပြထားသည်။
မောင်းမကန်ရဲစခန်းအား တိုက်ခိုက်နေစဥ်(၁၀၄)ခြေလျင်တပ်ရင်းမှကားသုံးစီးဖြင့်စစ်ကူလာရောက်ရာအသင့်စောင့်ဆိုင်းနေသော ရဲဘော်များက မိုင်း(၂၄)လုံးဖြင့် နှစ်ကြိမ်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကားနှစ်စီး ထိုးရပ်၍ တစ်စီးမီးလောင်သွားကြောင်းသိရသည်။ထို့နောက်မိနစ် ၂၀ ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
အလားတူ ကရင်ကြီးရွာပျူစောထီးစခန်းတိုက်ခိုက်ခံရသည်ကို ကားတစ်စီးဖြင့် စစ်ကူလာသောအင်အား (၂၀)ခန့်ပါ စစ်ကောင်စီတပ်ကိုလည်း မောင်မကန်နှင့် ကရင်ကြီးကြားတွင် မိုင်း (၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ Vargo ကားတစ်စီး ပျက်စီးသွားပြီးထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်သေဆုံးသေဆုံး ဒဏ်ရာရမှု အခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
အထက်ပါ တိုက်ပွဲများဖြစ်ပွားနေချိန် လောင်းလုံးမြို့ပေါ် မြေစာရင်းရုံးအနီးမိုင်းတစ်လုံးဖောက်ခွဲခဲ့သော်လည်းထိခိုက်မှုမရှိခဲ့ကြောင်း ဖော်ပြသည်။
တိုက်ခိုက်မှုများကို လောင်းလုံး(ပကဖ)၊ DGRF၊ TPDF၊ YPPDF၊ DDT တပ်ခွဲ (၃)၊ အထူးပြောက် ကျားတပ်ဖွဲ့နှင့် ထားဝယ်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်အထိ စစ်ကောင်စီတပ်မှ (၄၀)ခန့်သေဆုံးပြီး တော်လှန်ရေးရဲဘော်ငါးဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်းလည်း အသိပေးထားသည်။
ဆက်သွယ်ရေးအခက်အခဲနှင့် တပ်ဖွဲ့ဝင်များလုံခြုံရေးကြောင့် သတင်းထုတ်ပြန်မှုနောက်ကျခဲ့ခြင်းဖြစ်ပြီး ယခုအခါ တပ်ဖွဲ့ဝင်များဘေးကင်းလုံခြုံရာသို့ရောက်ပြီဖြစ်ကြောင်းလည်းအသိပေးထားသည်။
အထက်ပါတိုက်ခိုက်မှုအခြေအနေများနှင့်စပ်လျဥ်း၍ People’s Spring မှ လောင်းလုံး(ပကဖ)နှင့် DGRF တို့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။
ထိုအပြင် ဒီဇင်ဘာ ၅ရက်ကလည်း ထားဝယ်-ထီးခီးလမ်းအ တိုင်း မေတ္တာမြို့ လျှပ်စစ်ဓာတ်အားပေးစစ်ရုံသို့လာသော စစ်ကောင်စီ၏ တိုင်းဝန်ကြီးချုပ်ကို လုံခြုံရေးပေးမည့် စစ်ကောင်စီတပ်နှင့် ဥသြစစ်ကြေားတို့ ရမ်းဘလူရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဥသြစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုတေက ပြောသည်။
“ရမ်းဘလူရွာနားမှာ ဖြစ်တာဗျ။ ကျနော်တို့ ပြည်သူကို အသိပေးလိုတဲ့သဘောလောက်ပဲ ပြောလို့ရပါသေးတယ်။ အဓိကက ဒီနေရာမှာ ဒီလိုတွေဖြစ်နေတယ်ဆိုတာ သိစေလိုတဲ့ဆန္ဒပါပဲ။ အားလုံးထုတ်ပြန်လို့ မရသေးပါဘူးဗျ”ဟု ဥသြစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုတေက People’s Spring သို့ပြောသည်။
စစ်ကောင်စီတပ်လူကြီးလမ်းကြောင်းနှင့်စပ်လျဥ်းပြီးထားဝယ်-ထီးခီးလမ်းပိုင်း အရှေ့တောဒေသတွင် စစ်ကောင်စီအင်အား ၁၅၀ မှ ၂၀၀ ကြား ကင်းပုန်း ချထားပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်နိုင်ကြောင်း ၎င်းက အသိပေးသည်။
ထို့အပြင် အရှေ့တောဒေသသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် စစ်ကြောင်းတစ်လျှောက်ရှိ ကျေး ရွာများမှ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ဓားစာခံဖမ်းဆီးခြင်းများ ရှိနေခြင်းကြောင့် ပြည်သူများ သတိပြုသွားလာနေထိုင်ကြရန် သတိပေးထားသည်။
ယခုရက်ပိုင်းအတွင်း တနသာ်ရီတိုင်းအတွင်း တော်လှန်ရေးအင်အားစုများက ခုခံတော်လှန်စစ်ကိုအရှိန်မြှင့်တိုက်ခိုက်လာပြီး တိုက်ပွဲများနေရာအနှံတွင်ဆက်တိုက်ဖြစ်ပွားနေသည်။
