စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဒီဇင်ဘာပထမပတ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာ လေးရွာရှိ နေအိမ် ၁၄၀နီးပါး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၄ရက်နှင့် ၅ရက်က ကန့်ဘလူနယ်စပ် တန့်ဆည်မြို့နယ်၊ သာဂေါင်ကြီးကျေးရွာရှိ နေအိမ် ၇၆ လုံး၊ ကမ်းဖြူရွာရှိ နေအိမ် ၄၀လုံး၊ ဝက်တိုးရွာရှိ နေအိမ် ၁၇ လုံးနှင့် ပုတီးရွာရှိ နေအိမ် ၆လုံး စုစုပေါင်း ၁၃၉လုံး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
“သာဂေါင်ကြီးရွာကို မနက်၉နာရီကစပြီးရှို့တာ။နေ့လယ်အထိ လောင်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ကန့်ဘလူနှင့် တန့်ဆည်နယ်စပ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့်စစ်ကြောင်းဖြစ်ပြီး နယ်စပ်ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ရွာလုံးကျွတ်မီးရှို့ခံရသောကျေးရွာ ၇ ရွာအပါအဝင် ကျေးရွာ ၇၄ ရွာရှိ လူနေအိမ် ၂,၅၀၆ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ် ၃၀၀လုံး၏ အိမ်တိုင်များလှီးဖြတ်ခြင်း ကဲ့သို့ ဖျက်ဆီးခြင်းများ ပြုလုပ်သွားခဲ့သည်။
ထို့အပြင် သာသနိကအဆောက်အဦး ၉ လုံး၊ ကျေးရွာစာကြည့်တိုက် တစ်ခုနှင့် ဆေးခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း Taze News က ဖော်ပြသည်။
