ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဒီဇင်ဘာလ ဒုတိယပတ်အတွင်းကျင်းပမယ့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို ဖိတ်ကြားထားတာမရှိဘူးလို့ ရန်ကုန်မြို့မှာ ရှိတဲ့ ဆွတ်ဇာလန်သံရုံးက ထုတ်ပြန်ပါတယ်။
အဲဒီအစည်းအဝေးကို ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဂျီနီဗာမြို့မှာအခြေစိုက်တဲ့ ကုလသမဂ္ဂ အသိအမှတ်အပြု အစိုးရ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားထားတာလို့ သံရုံးက ဆိုထားပါတယ်။
စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ကတော့ ကနဦးက အဲဒီအစည်းအဝေးကိုစစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဝါဝါမောင် အွန်လိုင်းကနေ တက်ရောက်ဖို့ ရှိတယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် Justice for Myanmar က ကန့်ကွက်ခဲ့ပြီးနောက် ဆွတ်ဇာလန်သံရုံးက မြန်မာကိုဖိတ်ကြားတာမရှိဘူးလို့ ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၅ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ ဆွတ်ဇာလန်သံအမတ်ဟာ စစ်ကောင်စီရဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုနေပြည်တော် မှာသွားရောက်တွေ့ဆုံထားပါတယ်။
