လှည်းကူးတွင် စွန့်ပစ်ခံထားရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ရုပ် အလောင်းများတွင် ဒဏ်ရာများတွေ့ရှိကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။
သေဆုံးသူအလောင်းအများစု၏ ကျောပြင်တွင်အရည်ကြည်ဖုများ ၊ခြေထောက် နှင့် လက်များ တွင်လည်း အရည်ကြည်ဖုများ နှင့် အချို့တွင် ဒဏ်ရာရထားသဖြင့်ချုပ်ရာများပင်တွေ့ရှိရသည်ဟု မျက်မြင်တွေ့ရှိခဲ့သူများကပြောသည်။
“အများစုက ကျောပြင်အရည်ကြည်ဖု တွေ နဲ့ ခြေတွေ လက်တွေမှာလည်း အရည်ကြည်ဖုတွေ အပါအဝင် ရေနူး နေတာမျိုးတွေပါ တွေ့ရတယ်။နောက် နဖူးနဲ့ ခြေထောက်မှာ ရိုက်ခံထားပြီး ကွဲလို့ချုပ်ခံထားရသူတစ်ယောက်လည်းပါတယ်”ဟုဖြစ်စဥ်အား မျက်မြင်တွေ့ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။

ထိုကြောင့် နှိပ်စက်သတ်ဖြတ်ခံရခြင်းဖြစ်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
“ရက်ရှည် ဖမ်းထားပြီး နှိပ်စက်လို့ဝ မှ အလောင်းတွေကို လာစွန့်ပစ်တာလို့မြင်တယ်”ဟု ဒေသခံအချို့ကပြောသည်။
ရိုဟင်ဂျာ အမျိုးသား ၁၃ ဦး၏ ရုပ်အလောင်း ကို လှည်းကူးမြို့နယ် ဘားလားကျေးရွာ၏ တပင်ရွှေထီးလမ်းဘေးတွင် လာရောက် စွန့်ပစ်ထားကြောင်းစစ်ကောင်စီဝါဒဖြန့် လူမှုကွန်ယက်အကောင့်များမှ ယနေ့(ဒီဇင်ဘာ ၅ ရက်) နေ့လည်ပိုင်းတွင် စတင်ဖြန့်ဝေခဲ့သည်။ ထိုအပြင် စစ်ကောင်စီဝါဒဖြန့် မီဒီယာအချို့နှင့်အကောင့်များက ထိုရိုဟင်ဂျာများမှာကားအတွင်း အောက်စီဂျင် ပြတ်၍သေဆုံးခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုရေသားဖြန့်နေသည်ကိုလည်းတွေ့ရသည်။
