စစ်ကိုင်းတိုင်း၊ အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားနေ၍ ယနေ့သွားလာအသုံးပြုခြင်းမပြုရန် အရာတော် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်သည်။
ယနေ့(ဒီဇင်ဘာ ၅ ရက်)နံနက်ပိုင်းက အရာတော်-မုံရွာလမ်းပေါ်တွင် ကျွန်းဖိုပင်ကျေးရွာတဝိုက်နှင့် လမ်းပေါ်နေရာများတွင် စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူလူထု လုံခြုံရေးအတွက် အရာတော် – မုံရွာလမ်းပိုင်းအား ယနေ့(ဒီဇင်ဘာ ၅ရက်) တစ်ရက်တာ အသုံးပြုခြင်း ယာယီရပ်နားထားပေးပါရန် အရာတော်(ပကဖ) အဖွဲ့က သတိပေးသည်။
သို့သော် မဖြစ်မနေ သွားလာကြရမည့် ပြည်သူ များအနေဖြင့် စစ်ကောင်စီကားများ၊ ယာဉ်တန်းများဖြင့် ကပ်လိုက်ခြင်းမပြုရန်၊ မိုးကာအုပ်၍ မောင်းနှင်ခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်သားများ၏ လှုပ်ရှားမှုများ( ကင်းပုန်းများ၊ ဦးတည်ရွေ့လျားမှုများ၊ ချောဆွဲခံနေရသော ကားနံပါတ် ၊ အမျိုးအစားအရောင် စသည်ဖြင့်)တွေ့ရှိခဲ့ပါက တော်လှန်ရေး ရဲဘော်များထံ သတင်းပေးပို့ခြင်းဖြင့်ကူညီပေးရန် အရာတော်(ပကဖ)က မေတ္တာရပ်ခံထားသည်။
အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
