စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို အလစ်ဝင်တိုက်ခိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစုက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၂ရက် နံနက်၅နာရီ၀န်းကျင်က စစ်ကိုင်းတပ်မ(၃၃)မှ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ဘက်ခြမ်းကျေးရွာများသို့ အင်အား(၁၀၀)ကျော်ဖြင့်စစ်ကြောင်းထိုးကာ မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါစစ်ကြောင်းကို ဒီဇင်ဘာ ၃ရက် နံနက်၈နာရီခန့်တွင် ပြင်ဦးလွင်ခရိုင်(ပကဖ) မတ္တရာမြို့နယ် ကောင်းကင်တော်လှန်ရေး အင်အားစုများနှင့် နယ်မြေခံ(ပကဖ)တပ်ဖွဲ့များ ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုမသိရသေးဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။
ဆက်လက်ပြီး စစ်ကြောင်းဆက်ထိုးလာသော စစ်ကောင်စီရှေ့ပြေးအဖွဲ့တစ်ဖွဲ့ ရွာအတွင်းသို့ဝင်ချိန် ကောင်းကင်တော်လှန်ရေးအင်အားစု၊ နဂါးနီပြောက်ကျားတပ်ဖွဲ့က အလစ်၀င်တိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးအား အနီးကပ်၀င်ရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက ဆိုသည်။
ထို့အပြင် စစ်ကောင်စီဘက်က 5.56 ကျည် အတောင့် ၄၀၊ (၄၀)မမ ကျည် လေးလုံး၊ ခြင်းကျားတစ်လုံးနှင့် အသုံးဆောင်ပစ္စည်းအချို့ပါသိမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ကောင်းကင်တော်လှန်ရေး အင်အားစုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိပေ။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း စစ်ကိုင်းနှင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။
