စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့(MBTT)ကထုတ်ပြန်သည်။
ဒီဇင်ဘာ၂ ရက်ည ၇နာရီခွဲခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ် အား ကျောက်ရစ်နှင့် သရက်သာရွာကြားအရောက်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကျောက်ရစ်စခန်းတွင် စစ်ကောင်စီတပ်က ကာလရှည်ကြာတပ်စွဲထားပြီး မြောင်နယ်အတွင်း ကျေးရွာများနှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ဘက်ရှိ ကျေးရွာများကိုပါ မကြာခဏ စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။
