ပြည်သူလူထုနေအိမ် ၄၀၀ကျော် မီးလောင်ခဲ့ပြီး စပါးတင်းထောင်ချီ ပျက်စီးဆုံးရှုံးခဲ့
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၃ရက်အတွင်း ကျေးရွာ(၇)ရွာ မီးရှို့ခံရပြီး ပြည်သူလူထုနေအိမ် ၄၃၇လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။
အဆိုပါ မီးရှို့မှုကို ဦးဆောင်သူမှာ တပ်မ(၈၈) ခမရ (၄၁၅) တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ဝင်းဖြစ်သည်ဟု မြို့နယ်(ပကဖ)ကထုတ်ပြန်သည်။ ထိုသို့ ထုတ်ပြန်ရာတွင် စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦးကျဆုံးမှုအတွက် ဗိုလ်မှူးသန်းဇော်ဝင်းထုတ်ပြန်ခဲ့သည့် အမိန့် ပြန်တမ်းစာရွက်ကို ဖော်ပြထားသည်။ စစ်ကောင်စီတပ်များက ကျေးရွာများအား မီးရှို့စဥ်ဒေသခံ ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျဆုံးဒုတပ်ကြပ်အလောင်းကို လေသာကျေးရွာ၌ မြှုပ်နှံခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။




စစ်ကောင်စီတပ်သည် ဆူးပုံချောင်ရွာ၊ အင်ကြင်းကုန်းရွာ၊ အလယ်တောရွာ၊ အင်းတိန်ရွာ၊ လေသာရွာ၊ ကျက်သရေချောင်းရွာ၊ သခွတ်ချောင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
စစ်ကောင်စီတပ် မီးရှို့ခဲ့ခြင်းကြောင့် လေသာရွာ၌ နေအိမ် ၁၈၇ လုံးနှင့် အများဆုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အလယ်တောမှ ၈၅လုံး၊ အင်းတိန်ရွာမှ ၄၉လုံး၊ အင်ကြင်းကုန်းရွာမှ ၄၂လုံး၊ ဆူးပုံချောင်ရွာမှ ၃၅လုံး၊ သခွတ်ချောင်ရွာမှ ၃၂လုံး၊ ကျက်သရေချောင်းရွာမှ ၇လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်သည်။

ထိုသို့ မီးရှို့ ဖျက်ဆီးမှုများကြောင့် ပြည်သူများ စိုက်ပျိုးရိတ်သိမ်း သိုလှောင်ထားသော စပါးတင်းပေါင်း ထောင်ချီ၍ ပျက်စီးဆုံးရှုံးခြင်းနှင့် လယ်ယာစိုက်ပျိုးရေးသုံး စက်ယာဉ်ယန္တရားများနှင့် ပစ္စည်းကိရိယာများစွာ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ဖော်ပြထားသည်။


အဆိုပါ ကျေးရွာများကို မီးလိုက်ရှို့သည့် စစ်ကောင်စီတပ်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု အချို့ရှိခဲ့ပြီး လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုအတွင်း လေကြောင်း တိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၂၇ရက်က အလယ်တောတောင်ရိုးရှိ ဘုရားကုန်းအား ဗုံးကြဲ ပစ်ခတ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၈ရက်တွင် လေသာရွာအား ဗုံးကြဲခဲ့ကြောင်း၊ ယင်းနေ့၌ပင် လေသာရွာနှင့် အင်းတိန်ရွာကို ဗုံးကြဲခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ဒီဇင်ဘာ ၁ရက်တွင်လည်း လေသာရွာနှင့် အလယ်တောရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။
ယခုအချိန်တွင် စစ်ကောင်စီက အစွမ်းကုန်ရက်စက်မှု အကြမ်းဖက်မှု၊ မီးရှို့မှု၊ သတ်ဖြတ်မှု ၊ လုယက်မှု၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ ပြည်သူများအား ဖမ်းဆီးငွေညှစ်မှု၊ စစ်ကြောင်းရှေ့၌ လူသားဒိုင်းအဖြစ် အသုံးပြုမှုစသည် စစ်ရာဇဝတ်မှု မျိုးစုံကိုယုတ်မာစွာကျူးလွန်နေသည့် အချိန်ကာလဖြစ်၍ မိမိပိုင်ပစ္စည်းများ စနစ်တကျသိုဝှက်ထားရန်၊ စစ်ကောင်စီ စစ်ကြောင်းထိုးရာအရပ်များကို နားစွင့်ကာ အချိန်နှင့် တပြေးညီ တိမ်းရှောင်ကြရန် ထီးချိုင့်မြို့နယ်(ပအဖ)က မေတ္တာရပ်ခံထားသည်။




ထို့ကြောင့် စစ်ကြောင်းထိုးသတင်းများအား ပြည်သူအချင်းချင်း မျှဝေရန်၊ ဒုက္ခရောက် မီးဘေးသင့် ပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများအား တက်နိုင်သောအကူအညီ အထောက်အပံ့များပေးရန် တိုက်တွန်းနှိုးဆော်ထားသည်။
စစ်ရှောင်ပြည်သူများနှင့် မီးဘေးသင့် ပြည်သူများကို မြို့နယ်(ပအဖ)မှ အချိန်နှင့် တပြေးညီ ကူညီထောက်ပံ့လျက်ရှိသည်ဟုလည်း အသိပေးထုတ်ပြန်သည်။
