ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒေသခံ လူထုနေအိမ် လေးလုံး ထိခိုက်ပျက်စီးပြီးဒေသခံ လေးထောင်ကျော် တိမ်းရှောင်နေရသည်ဟု သထုံခရိုင်က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၂ရက် ည ၉နာရီကျော် နှင့် ည ၁၂နာရီကျော်အချိန်များတွင် သိမ်ဇရပ်အခြေစိုက် (အမတ ၃၁၀)မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ရာ ကျောက်ဖျာဒေသသို့ လက်နက်ကြီး ခုနစ်လုံး ပေါက်ကွဲခဲ့ပြီး ဇီးပြောင်းဒေသ၌ (၉)လုံး ကျရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်။
“ဒီလို လက်နက်ကြီးတွေ ရမ်းပစ်ပြီဆို စစ်ကြောင်းထိုးတော့မယ်ဆိုတဲ့သဘောပဲ။ အရင်တုန်းကလဲ ဒီလိုပဲ လက်နက်ကြီးပစ်ပြီးရင် စစ်ကြောင်းထိုး နေကျပဲ”ဟု ကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲ တာဝန်ခံ၏ ပြောကြားချက်ကို ဖော်ပြထားသည်။ ထိုသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ဒေသခံ ပြည်သူ လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။




ဒီဇင်ဘာ ၃ရက်နံနက်တွင် ပျဥ်းကတိုးကုန်းကျေးနယ်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီမှ အင်အား၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ် သိမ်ဇရက်အခြေစိုက်(အမတ-၃၁၀) နှင် (ခမရ -၂၀၇)မှ လက်နက်ကြီး မကြာခနရမ်းသမ်းပစ်ခတ်မှုများရှိပြီး ဒေသခံအရပ်သားများ စိုးရိမ်ကြောက်လန့်မှုများကြောင့် စီးပွားရေးလုပ်ငန်းများ မလည်ပတ်နိုင်တော့ပဲ စားဝတ်နေရေးအခက်ခဲများရှိနေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် KNUတပ်မဟာ(၁)နယ်မြေသို့ စစ်ဆင်ရေးလုပ်ဆောင်ရန် အင်အားစုဖွဲ့ပြင်ဆင်နေ၍ တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း ဒေသခံ KNU တပ်မှူးတစ်ဦးက ယမန်နေ့တွင်ပြောကြားထားသည်။
