မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ဆိုင်ကယ်မောင်နင်လာသူပြည်သူတစ်ဦးထံမှ လူတစ်စုက ဆိုင်ကယ်လုရန် ကြိုးစားနေစဥ် လုယက်သမားတစ်ဦးကို ဝင်တိုက်ပြီး ဆိုင်ကယ်ပိုင်ရှင်လွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဒီဇင်ဘာလ ၄ ရက်) နံနက် ၄ နာရီခန့်က မိတ္ထီလာမြို့ အ.ထ.က(၄)အနီးတွင် စျေးသို့အလုပ်လာသည့် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးအား လူတစ်စုက တုတ်ဖြင့်ရိုက်ပြီး ပစ္စည်းများလုယူရန်ကြိုးပမ်းခဲ့သည်။
သို့သော် ဆိုင်ကယ်စီးနင်းလာသူသည် လဲကျသွားခြင်းမရှိဘဲ ဆက်လက်မောင်းနှင်နိုင်ခဲ့ရာ ရှေ့တွင်ရှိသော လုယက်သမားတစ်ဦးအား ဝင်တိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။
မိတ္ထီလာမြို့သည် စစ်တပ်အများအပြားရှိသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။
“ထီလာရဲ့ လုယက်မှုကတော့ တစ်နေ့ထက်တစ်နေ့ မရိုးရအောင်ပဲ။ မနက်လင်းကတည်းကပဲ။ ကြောက်စရာတော်တော်ကောင်းနေပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂ ရက် ညပိုင်းကလည်း မိတ္ထီလာမြို့ မိတ္ထီလာဟိုတယ်ရှေ့တွင် ပြည်သာယာသို့ပြန်လာသည့် အမျိုးသားနှင့်အမျိုးသမီးစီးလာသော ဆိုင်ကယ်အား သုံးယောက်စီးလာသေ ာဆိုင်ကယ်က ဓားပြတိုက် လုယက်ခဲ့ရာ ပိုက်ဆံအိတ်နှင့် ဖုန်းပါသွားကြောင်းသိရသည်။
