မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရချိန် အတောအတွင်း သူ့ကို အနီးကပ် ကူညီစောင့်ရှောက်ပေးခဲ့သူ ကိုခင်မောင်ရွှေရဲ့ အကြောင်းကို မကြာခင်ကမှလွတ်မြောက်လာတဲ့ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က Facebookမှာ အမှတ်တရ ပြန်လည် ဝေမျှခဲ့ပါတယ်။
ချစ်ခင်ရတဲ့ မိတ်ဆွေဖြစ်သူ ကိုခင်မောင်ရွှေဟာ သူ့အတွက် အမြဲတမ်း ရပ်တည်ပေးခဲ့သူ တစ်ဦးဖြစ်တယ်လို့ဩစတြေးလျ စီးပွားရေး ပညာရှင်တာနဲလ်က ဆိုပါတယ်။ ကိုခင်မောင်ရွှေဟာ သူ့ကို ကျန်းမာအောင်၊ အဆင်ပြေအောင် အရာရာ ကူညီပေးပြီး သူ့အသက်ကို ကယ်ခဲ့သူလို့တောင်တာနဲလ်က ရည်ညွှန်းထားပါတယ်။

ဒါပေမဲ့ ကိုခင်မောင်ရွှေဟာ အင်းစိန်ထောင်ထဲမှာ ထောင်စောင့်ဝန်ထမ်းတွေက သေတဲ့အထိ ရိုက်နှက် ကန်ကျောက်မှုတွေ ခံခဲ့ရတယ်လို့ တာနဲလ်က ဆိုပါတယ်။ တာနဲလ်ကို အင်းစိန်ထောင်ကနေ နေပြည်တော်ထောင်ကို ပြောင်းရွှေ့လိုက်ပြီး တစ်လလောက် အကြာမှာ ကိုခင်မောင်ရွှေ ကွယ်လွန်ခဲ့ရှာတာ ဖြစ်ပါတယ်။
ကိုခင်မောင်ရွှေဟာ သူရဲကောင်း တစ်ဦးဖြစ်ပြီး သူအသက်ရှင်နေသမျှ ကာလပတ်လုံး အမှတ်ရ ဂုဏ်ပြုနေမိမယ်လို့လည်း တာနဲလ်ကရေးသားထားပါတယ်။
သူ့မိတ်ဆွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းအရာတချို့ ပြန်လည်သိရှိနိုင်အောင်ကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် တချို့ကို ကျေးဇူးတင်တယ်လို့လည်း တာနဲလ်က Facebookပေါ်မှာ ရေးသားထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ တာနဲလ်ကို အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ တရားစွဲဆိုထောင်ချခဲ့တာမှာ ရက်ပေါင်း ၆၅၀ မတရားဖမ်းဆီးထောင်ချခံရပြီးတဲ့နောက်မှာ ပြန်လည် လွတ်မြောက်ပြီး ဩစတြေးလျကို ပြန်ခွင့်ရခဲ့ပါတယ်။
တာနဲလ်ဟာ ဩစတြေးလျကို ပြန်ရောက်ပြီး The Australian သတင်းဌာနနဲ့ အင်တာဗျူးခဲ့တုန်းကလည်း ကိုခင်မောင်ရွှေရဲ့ အကြောင်းကို သေသေချာချာ ထည့်ပြောပြခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကလည်း တာနဲလ်က အင်းစိန်ထောင်မှာ သူနဲ့ အခန်းချင်းကပ် နေခဲ့ရတဲ့ ကိုခင်မောင်ရွှေကို အသက်သခင် ကျေးဇူးရှင်အဖြစ် အလေးအနက် ညွှန်းဆိုခဲ့ပါတယ်။
စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသားတွေကိုထောင်တွင်းမှာခွဲခြားဖိနှိပ်ပြီးညှင်းပန်နှိပ်စက်တာ၊သတ်ဖြတ်တာတွေမကြာခဏကျူးလွန်နေတယ်လို့ နိုင်ငံရေးအကျဥ်းသားအရေးဆောင်ရွက်နေသူတွေကပြောပါတယ်။
