ရွှေဘို – မြစ်ကြီးနားလမ်းမကြီးတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိ၍ ဒေသခံအမျိုးသားတစ်ဦး ယမန်နေ့က သေဆုံးမှုဖြစ်ခဲ့သည်။
ကောလင်းမြို့နှင့် ကန့်ဘလူမြို့ကြား ရွှေဘို – မြစ်ကြီးနားလမ်းမကြီးဘေးရှိ ဇင်းကျေးရွာမှ အသက်(၇၀)အရွယ် အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိပြီး ဒီဇင်ဘာ ၃ရက်နံနက်ပိုင်းက သေဆုံးခဲ့ခြင်းဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။
” မိုင်းကို စစ်ကောင်စီက ပျုစောထီးတွေဆီ အများကြီးပေးထားတယ်။ စစ်ကောင်စီနဲ့ ပျုစောထီးက လမ်းဘေးတွေမှာ မိုင်းတွေ လိုက်ထောင်ထားတယ်။မနေ့ကတော့ ရွာက ဦးတုပ်မိုင်းထိသွားတယ်”ဟု ကောလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
ဦးတုပ်သည် ဇင်ရွာပတ်ဝန်းကျင်တွင် ရှစ်လခန့်အတွင်းမြေမြုပ်မိုင်းထိ၍ ငါးဦးမြောက် သေဆုံးသူ ဖြစ်သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။ စစ်ကောင်စီနှင့် ပျုစောထီးများသည် အရပ်သားနေရာများကို ပစ်မှတ်ထားပြီး မြေမြုပ်မိုင်းများထောင်ထားသည်ဟု ကောလင်းမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လတ်တလောတွင် ကောလင်းနှင့်ကန့်ဘလူဒေသ၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေပြီး ကိုးထောင်ဘို့၊ ဇော်ချောင်း၊ကိုင်းမနှင့် ပန်းဆက်ရွာတို့တွင် ရောက်ရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။
