မိုးဗြဲမြို့လူနေရပ်ကွက်များအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ် နေသောကြောင့် ပြည်သူများအသွား အလာဂရုပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(ဒီဇင်ဘာ ၃ ရက်) ထုတ်ပြန်သည်။
ကံတော်ရာတောင်ပေါ်၌ တပ်စွဲထားလျက်ရှိသောစစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ ရက်တွင် အင်အားအများအပြားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတောင်ပေါ်ရှိ စစ်ကောင်စီတပ် အပါအဝင် မိုးဗြဲမြို့အခြေစိုက် (၄၂၂)တပ်မှ ယမန်နေ့ကစ၍ ယနေ့(ဒီဇင်ဘာ ၃ ရက်)အထိ နှစ်ရက်ဆက်တိုက် လူနေအိမ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့်အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်းဖော်ပြသည်။
“ကျွန်တော်တို့နဲ့ တိုက်ပွဲလုံးဝ မဖြစ်ဘဲနဲ့ကို အ ကြောင်းမဲ့ ပစ်နေတာပါ။စစ်ရာဇဝတ်မှုတွေက တော့ပြောလို့ကုန်မှာမဟုတ်ဘူး”ဟု MBPDF တာ ဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့်မိမိတို့ လုံခြုံရေးအတွက် မိုးဗြဲမြို့အတွင်းအသွားအလာဂရုပြုကြရန် MBPDFက တိုက်တွန်းသည်။
ထို့အပြင် မြေပြင်တွင်အထိနာနေသည့် စစ်ကောင်စီတပ်က အကြမ်းဖက်စစ်ဆင်ရေးနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နိုဝင်ဘာအတွင်း မိုးဗြဲ မြို့အပါအဝင် ကရင်နီဒေသ၌ အရပ်သားပြည်သူ နှစ်ဦးသေဆုံးခဲ့ရပြီး၊ ၃၄ဦးဒဏ်ရာရရှိခဲ့ရသည်။
ထို့အတူ လက်နက်ကြီးထိမှန်မှုကြောင့် နေအိမ် (၅၇)လုံးပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။
