အစားထိုးလက်နက်ဝယ်ယူရန် တော်လှန်ဒီဇင်ဘာလှုပ်ရှားမှုဖြင့် ရန်ပုံငွေရှာဖွေမည်ဟုပြော
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် လက်လုပ် လက်နက်များစမ်းသပ်ရင်း ရဲဘော်များ ကိုယ်လက်အင်္ဂါထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အစားထိုးလက်နက်များဝယ်ယူရန် တော်လှန်ဒီဇင်ဘာ လှုပ်ရှားမှုပြုလုပ်ကာ ရန်ပုံငွေရှာဖွေရန် စီစဥ်နေကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် (CRA)အဖွဲ့ တာဝန်ခံက ပြောသည်။
CRA ရဲဘော်များသည် ယခုလကို တော်လှန်ဒီဇင်ဘာ ကာလအဖြစ် စစ်အာဏာရှင် အမြစ်ပြုတ်ရန်အတွက် တော်လှန်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ သို့သော် အရှိန််မြှင့်လုပ်ဆောင်နိုင်ရန် လက်နက်ခဲယမ်း ဖြည့်ဆည်းရန်ငွေအင်အား လိုအပ်သည့်အတွက် ယခုဒီဇင်ဘာအတွင်း “တော်လှန်ဒီဇင်ဘာ” ရန်ပုံငွေရှာဖွေရေးလှုပ်ရှားကို ဒီဇင်ဘာ၂ ရက်မှ ဇန်နဝါရီ၂ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း

“ကျွန်တော်တို့ CRA -2 ရဲဘော်များဟာ လက်လုပ် စမ်းသပ်ရာက ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ကြသည့်အတွက် ရရှိလာတဲ့ ရန်ပုံငွေများကို လက်လုပ် အစားထိုး လက်နက်များဝယ်ယူသွားမှာ ဖြစ်ပါတယ်။ ကမ်းပိန်းကာလအတွင်း အလှူငွေ ထည့်ဝင်သူများကိုလည်း ပြည်သူများက လှူဒါန်းထားတဲ့ ပစ္စည်းများကို မဲဖောက်ပြီး အမှတ်တရ လက်ဆောင်ပြန်လည် ပေးအပ်မယ့် အစီအစဉ်လဲ ရှိပါတယ်။”ဟု CRAအဖွဲ့ တာဝန်ခံက ပြောသည်။
မဲလက်မှတ်တစ်စောင်ကို ကျပ်ငွေတစ်သောင်း၊ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာစသဖြင့် ရောက်ရှိနေသည့် နိုင်ငံပေါ်မူတည်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး ရန်ပုံငွေလက်မှတ်များကို Chaung U Revolution Army (ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်)စာမျက်နှာအပါအဝင် CRAနှင့် လက်တွဲထားသူများထံ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း CRA၏ Facebook စာမျက်နှာ https://www.facebook.com/revolutionarmy.chaungu/?mibextid=ZbWKwL တွင် ရေးသားအသိပေးထားသည်။
ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် CRAသည် စစ်ကိုင်းတိုင်းအပြင် မကွေးတိုင်းနှင့် မန္တလေးတိုင်းဘက်ကပါ ကူးသန်းပြီး ဒေသတွင်း PDFများနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီအား တော်လှန်တိုက်ခိုက်လျက်ရှိသည်။
