စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အ.ထ.ကကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့က လျက်ဆားပုလင်းမိုင်းဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force အဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့(ဒီဇင်ဘာ ၁ရက်) နံနက် ၁၁နာရီခန့်က မြင်းမူမြို့ အ.ထ.က(၁) ကျောင်းဝင်းအတွင်း စခန်းချထားသော စစ်ကောင်စီတပ်သားများအား MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့က လျက်ဆားပုလင်းမိုင်းဖြင့်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်ကလိုက်ပစ်သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်အုပ်စု၏ ထိခိုက်မှုကိုမူ စုံစမ်းနေသည်ဟု Moe Nyo Revolution Force အဖွဲ့က ဆိုသည်။
“MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ရဲ့ ပထမဆုံးမစ်ရှင်ပါ။ စစ်ကောင်စီတပ်သားတွေစောင့်နေတဲ့ ကျောင်းအဝင်ပေါက်ကိုပစ်တာ။ ထိခိုက်မှုတွေရှိတယ်လို့တော့သိရတယ်။”ဟု Moe Nyo Revolution Forceအဖွဲ့ တာဝန်ခံက ပြောသည်။
မြင်းမူမြို့ရှိ Non CDMများ၊ စစ်ကောင်စီခန့်အုပ် ချူပ်ရေးမှူးများနှင့် စစ်ကောင်စီထောက်တိုင်မှန်သမျှကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု အပြင်းအထန်သတိပေးလိုက်ကြောင်း Moe Nyo Revolution Forceအဖွဲ့က အသိပေးသည်။
ထို့ကြောင့် Non CDMများအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူနှင့်ပူးပေါင်းရန် Moe Nyo Revolution Forceက တိုက်တွန်းထားသည်။
မြင်းမူမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲရာနေရာများအား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။
