မကွေးတိုင်း ယောနယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်း အရှိန်မြှင့်စစ်ကြောင်းထိုးလာ၍ ပြည်သူများအနေဖြင့်သတိနှင့်နေထိုင်သွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကသတိပေးပြီး ယမန်နေ့က စစ်ကြောင်းကြောင့် ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရကာ အိမ်မွေးတိရိစ္တာန်အချို့ သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း နိုဝင်ဘာ ၃ဝရက်က စတင်စစ်ကြောင်းထိုးလာပြီး ဒီဇင်ဘာ ၁ရက်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
ဂန့်ဂေါမြို့နယ်ရှိ တောင်ယာပြင်ရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အပြစ်မဲ့ဒေသခံများ၏ နေအိမ်အများအပြားပျက်စီးခဲ့သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော နှမ်းခါးရွာလူငယ်အဖွဲ့က ထုတ်ပြန်သည်။ထို့အပြင် ပြည်သူနှစ်ဦးဒဏ်ရာရခဲ့ပြီး နွားတစ်ကောင်သေဆုံးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းမှာ ကျောက်ထုမြို့နယ်သို့လည်း ဒီဇင်ဘာ ၁ရက်က ရောက်ရှိလာသည်ဟု The Youth Force (Saw&Kyaukhtu) တပ်ရင်းတစ်ခုမှ တပ်ရင်းမှူးတစ်ဦးကပြောသည်။
“အင်အားက ၈ဝလောက်ရှိတယ်။ရွာစပ်တောထဲမှာပျောက်သွားတယ်”ဟု လတ်တလောအခြေအနေကို အထက်ပါတပ်ရင်းမှူးက ဆိုသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျောက်ထုမြို့နယ် တေးကျေးရွာအနီးတွင် ပျောက်သွားပြီး ယနေ့(ဒီဇင်ဘာ ၂ရက်)နံနက်အထိ တပ်ဖျောက်နေသည်ဟု သိရသည်။
ဂန့်ဂေါနယ်ကို ရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျောက်ထုနှင့်ဆောမြို့နယ်ဖက်သို့ ဆက်လက်စစ်ကြောင်းထိုးနိုင်ခြေရှိသည်ဟု ဂန့်ဂေါအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က သတိပေးသည်။
