စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းမှာရှိတဲ့ ကသာမြို့မှာ ည ၈ နာရီခွဲကနေ နောက်နေ့ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက ဒီနေ့ကစတင်ပြီး ထုတ်လိုက်ပါတယ်။
ဒါအပြင် နေ့ဘက်မှာလည်း လူ ၅ ဦးထက်ပိုမစုဖို့ စစ်ကောင်စီက အမိန့်ထုတ်ပါသေးတယ်။
ကသာမြို့နယ်အတွင်းက ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့်စစ်ကောင်စီတပ် ညမထွက်ရအမိန့် မထုတ်ခင်ကပင် ညပိုင်းမြို့ထဲမှာ အပြင်ထွက်သူမရှိသလောက်ဖြစ်နေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
” မြို့ပေါ်မှာတော့ တခါတရံဗုံးကွဲတာတော့ရှိတယ်” လို့ အဲဒီမြို့ခံက ပြောပါတယ်။
ဒါအပြင် မြို့တွင်းက ဌာနဆိုင်ရာအဆောက်အဦးတွေ မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်ခံရတာလည်းရှိတယ်လို့သိရပါတယ်။
ကသာမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိပြီး သင်္ဘောဆိပ်မြို့ဖြစ်တဲ့အပြင် ရထားလမ်း ၊ကားလမ်းဆုံရာမြို့လည်းဖြစ်ပါတယ်။
