▪︎ဖလမ်းတိုက်ပွဲများတွင်လည်းသုံးလအတွင်းစစ်သား ၃၇ ဦးသေဟုCNDF ထုတ်ပြန်
ချင်းပြည်နယ် ဟားခါးမြို့နှင့် ဟားခါး-ထန်တလန်ကြားတွင် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ကယမန်နေ့တွင်ထုတ်ပြန်သည်။
CNF၏ လက်နက်ကိုင်တပ်ဖွဲ့ CNAတပ်မဟာ(၃) နယ်မြေ၌ နိုဝင်ဘာလအတွင်း ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ချင်းပူးပေါင်းတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်သား ၅၅ဦး ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲများအတွင်း ပူးပေါင်းတပ်ဖွဲ့မှ CNA ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။
အထိနာသည့် စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ် များ အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဟားခါး ဗျူဟာကုန်းမှ လက်နက်ကြီးများ ဖြင့် နေ့စဉ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သေနတ် ၉လက် နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
တိုက်ပွဲများအနက် နိုဝင်ဘာလ ၂၁ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် ၇လက်ရခဲ့ပြီး စစ်ကောင်စီတပ်က အများအပြားသေဆုံးခဲ့သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ထိုစဉ်က ပြောဆိုခဲ့သည်။
“ အဲဒီ ဂွင်မှာ( ဟားခါး – ထန်တလန်ကြား)ဟိုဘက် ဒီဘက် နေရာယူထားတာ သူတို့ ဟားခါးတပ်ရင်းကလည်း နေရာယူထားတာ။ ကျနော်တို့ကလည်း နေရာယူထားတာ။ တစ်ဖက်နဲ့ တစ်ဖက် စောင့်ကြည့်နေတဲ့ အနေအထားမှာ ကျနော်တို့က သူတို့ဆီကို သွားပြီး တော့ စစ်ဆင်ရေး သွားလုပ်တာ” ဟု ဆလိုင်းထက်နီက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၀ရက်ကတည်းကစစ်ကတပ်ကလေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ၂၂ရက်နေ့အထိသုံးရက်ဆက်လေကြောင်းတိုက်ခိုက်ခဲ့သည်ဟုသိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင်လည်း ၃လအတွင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ၁၂ကြိမ်ဖြစ်ပွားပြီး စစ်သား ၃၇ဦးသေဆုံးခဲ့ကြောင်း ဖလမ်းအခြေစိုက်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်CNDFက သတင်းထုတ်ပြန်သည်။
၂၀၂၂ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလအတွင်း တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားရာစစ်ကောင်စီဘက်မှ (၃၇)ဦးသေဆုံးပြီး CNDF ဘက်မှ တိုက်ပွဲအတွင်း (၅)ဦး ဒဏ်ရာရရှိကာ အကျဆုံးမရှိဟု နိုဝင်ဘာ ၃၀တွင်အသိပေးသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က စစ်ကောင်စီ၏ သီးဘွာလ် တပ်စခန်းကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်က စခန်းမကျရေးအတွက် လေကြောင်း ပစ်ကူပေးခြင်း၊ လေကြောင်းမှ အင်အားဖြည့်တင်းခြင်းလုပ်ဆောင်ခဲ့ရာ တစ်ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု CNDFကအသ်ပေးသည်။ အဆိုပါ တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟုလည်းတာဝန်ရှိသူကပြောသည်။
