စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်တွင် စစ်ကောင်စီ၏ ညကင်းပတ်ယာဥ်ကို PDFအဖွဲ့က သိမ်းဆည်းလိုက်ကြောင်း B-21Kani PDF တပ်ခွဲ(၁)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်၏ ညကင်းပတ်ရာတွင် အသုံးပြုပြီး ယင်းမာပင်မြို့ပေါ် လဝကရုံးမှကျေးလက်ရုံးသို့ ကူးသန်းလျက်ရှိသည့် ယာဥ်တစ်စီးကို ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ပစ်ခတ်သိမ်းဆည်းရမိခဲ့ကြောင်း B-21Kani PDF တပ်ခွဲ(၁)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကျေးလက်ရုံးနဲ့အကူးမှာ ပစ်ခတ်ခဲ့တာပါ။ ကားပေါ်ပါတဲ့သူတွေက နေ့စားပေးထားတာလို့ပြောတယ်။အကုန်လုံးသေချာစစ်မေးထားတာပါ။ ရုံးနဲ့ဆိုင်တဲ့သူတွေကတော့ ထွက်ပြေးသွားတယ်ဗျ။ ဘယ်သူ့မှထိန်းသိမ်းထားတာမရှိပါဘူး။”ဟု ၎င်းက ပြောသည်။
ထိုသို့ပစ်ခတ်ရာတွင် ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ကင်းပုန်းလိုက်ဝပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့၇ နာရီ ၁၅ မိနစ်ခန့်ကလည်း ယင်းမာပင်မြို့နယ်အတွင်း၌ ကင်းပတ်နေသော စစ်ကောင်စီယာဥ်တစ်စီးကို B-21Kani PDF ၊ယင်းမာပင်ခရိုင်တပ်ရင်း(၁၇ )တပ်ခွဲ(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။
