ဧရာဝတီတိုင်းတွင်စစ်ကောင်စီ၏အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်ရုံး)ဝန်ထမ်းများလိုအပ်နေပြီးအလုပ်လျှောက်သူနည်းပါးသောကြောင့် ရပ်ကွက်များထဲအထိ ဆင်း၍ လူခေါ်နေကြောင်းဧရာဝတီတိုင်းမှ ဒေသခံများကပြောသည်။
” ထွေအုပ်စာရေးအချို့ ရပ်ကွက်ထဲလာပြီး ထွေအုပ်မှာလျှောက်ဖို့နဲ့ အခုနေ လျှောက်ရင် သေချာပေါက် အလုပ်ရမှာဖြစ်တယ်လို့ လာပြောတယ်။ သူတို့ရုံးတွေမှာ လူမရှိတော့ဘူးလို့လည်းသိရတယ်” ဟု ဧရာဝတီတိုင်း ဓနုဖြူမြို့ခံတစ်ဦးကပြောသည်။
ထိုကြောင့်ထွေအုပ်ဝန်ထမ်းအချို့သည် ခရိုင်အုပ်ချုပ်ရေးမှူး၏ နှုတ်မိန့်ဖြင့် ဝန်ထမ်းသစ်ရှာဖွေနေရသည်ဟု Non CDM ဝန်ထမ်းတစ်ဦးကပြောသည်။
” ထွေအုပ်စာရေးနေရာအတွက် လူလိုအပ်နေတာ။CDM တွေနေရာ ထပ်ဖြည့်ထားပေမယ့် မလုံလောက်ဘူး။ ခရိုင်မမှူးက အတင်းရှာခိုင်းနေတယ်” ဟု ပုသိမ်မြို့မှ ထွေအုပ်ဝန်ထမ်းတစ်ဦးကပြောသည်။
ထိုကဲ့သို့ လူခေါ်နေသော်လည်း လျှောက်မည့်သူမရှိသလို အမှန်တကယ်အလုပ်ရရန်အတွက်လည်း ကျပ်သိန်း ၃၀ခန့် လာဘ်ထိုးရန်လိုသည်ဟု အထက်ပါ ထွေအုပ်ဝန်ထမ်းကပြောသည်။
ဝန်ထမ်းအင်အားဆယ်သိန်းကျော်ရှိသည့်အနက်စစ်တပ်
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဌာနဆိုင်ရာဝန်ထမ်း သုံးသိန်းကျော်သည် ပြည်သူနှင့်ပူးပေါင်းကာ CDM ပြုလုပ်ခဲ့သည်။ စစ်ကောင်စီလက်အောက်မှ Non CDM ဝန်ထမ်းအချို့သည် နှုတ်ထွက်ရန်ကြိုးစားနေခြင်းနှင့် ကျန်းမာရေးအကြောင်းပြကာ ခွင့်ယူနေကြခြင်းစသည်တို့ကြောင့် စစ်ကောင်စီတွင် ဝန်ထမ်းအင်အား မလုံလောက်သည့် ပြဿနာကြုံနေရသည်ဟု Non CDMဝန်ထမ်းတစ်ဦးကပြောသည်။
CDM ပြုလုပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများတွင် ပညာရေးဌာနက တစ်သိန်းခွဲခန့်နှင့် အများဆုံးဖြစ်ပြီးကျန်းမာရေးဌာနမှာ ဒုတိယအများဆုံးဖြစ်သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းထားသည့် CDM Success Committee မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
