စစ်ကိုင်းတိုင်း ရွှေဘိုနှင့် ဒီပဲယင်းမြို့နယ်စပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၉ဦး လက်နက်ကြီးထိမှန်ထားကြောင်း ဒေသခံများက ပြောသည်။
ယနေ့(နိုဝင်ဘာ ၃၀)နေ့လယ် ၃နာရီခန့်က ရွှေဘိုမြို့နယ် မအူပင်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဒီပဲယင်းနယ် မူးရိုးကုန်းရွာဘက်သို့ လက်ကြီးဖြင့် ရှစ်ချက်ထက်မနည်း ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူများ လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်သည်။
“ထိခိုက်သူက ကိုးဦးရှိပြီလို့ သိရပါတယ်ဗျ။ ကျား၊မ အကုန်မသိရသေးပါဘူး။ လတ်တလော ကျားသုံးဦး၊ မသုံးဦး ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ အတည်ပြုလို့ရပါတယ်ဗျ။ ကျန်စာရင်းတော့ မသိရသေးပါဘူး”ဟု ဒေသခံပြည်သူတစ် ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်သူများတွင် ထိခိုက်ဒဏ်ရာရရှိမှုအနည်းငယ်များသော်လည်း စိုးရိမ်ရသည့်အခြေအနေမရှိဟု ကနဦးသိရကြောင်း အထက်ပါဒေသခံက ရှင်းပြသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်နက်ကြီးများကျရောက်ခဲ့သော မူးရိုးကုန်းရွာနှင့် မူးမြစ် ခြားနေသည့် ရွှေဘိုမြို့နယ် မအူပင်အနောက် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ညနေပိုင်းတွင်ဆင်အင်းရွာအား မီးထပ်ရှို့နေကြောင်း ဒေသခံများက ပြောသည်။
လတ်တလောတွင် မအူပင်အနောက်ရွာနှင့် ဆင်အင်းကျေးရွာများတွင် စစ်ကောင်စီတပ်များရှိနေသေးသောကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အတိအကျမသိရသေးပေ။
